စပါးကို ရှယ်တင်းကာ ကြိမ်းမောင်းလိုက်ပြီး ဝက်စ်ဟမ်းပဲ အားပေးတော့မယ်ဆိုတဲ့ နာမည်ကြီး ဂန်းနားဖန်

မနေ့ည အိမ်ကွင်းမှာ မန်စီးတီးကို သရေတောင် မကစားနိုင်ဘဲ ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့တဲ့နောက် တော့တင်ဟမ် စပါးအသင်းကို အသုံးမကျတဲ့ အသင်းအဖြစ် ဂန်းနားပရိသတ် ပီရက်ဇ် မော်ဂန်က အမျက်ထွက်ကာ ပြစ်တင်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် စပါးအသင်းဟာ သူရဲကောင်းတွေအဖြစ်၊ တိုက်ခိုက်ရေးသမားတွေအဖြစ် ယှဉ်ပြိုင်ဖို့ မွေးဖွားလာသူတွေလို့ မော်ဂန်က အမွှန်းတင်ခဲ့သေးတာပါ။

စစ်မှန်တဲ့ ယောက်ကျားသားတွေဟာ ကိုယ်ရနိုင်တာ အားလုံးအတွက် တိုက်ခိုက်ရတယ်ဆိုပြီး မော်ဂန်က ဒါဘီပြိုင်ဘက် မြောက်လန်ဒန်အသင်းကို အားပေးနေခဲ့သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆွန်ရဲ့ ပိတ်ချက်ကို အော်တီဂါ အံ့မခန်း ကာကွယ်ခဲ့သလို ပါရိုရဲ့ အမှားကနေ ဟာလန်းက ဒုတိယ ဦးဆောင်ဂိုး သွင်းခဲ့တဲ့နောက် မော်ဂန်ရဲ့ ဒေါသက ပေါက်ကွဲခဲ့ပါတယ်။

ပီရက်ဇ် မော်ဂန်က “စပါးပရိသတ်တွေကို ကြည့်ကွာ၊ တကယ့် အရှုံးသမားတွေ။ ပါရိုးကလည်း အသုံးမကျတဲ့ စပါးကစားသမားပဲ။ အသုံးမကျတဲ့ ကြောင်စုတ်တွေ ” စသဖြင့် တွစ်တာကနေ ရေးသားခဲ့ပါတယ်။

ရာသီသိမ်းပွဲမှာ အာဆင်နယ်က အဲဗာတန်ကို နိုင်ပွဲရပြီး မန်စီးတီးကို ဝက်စ်ဟမ်းတို့ အနိုင်ယူပေးခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံဖလားက လန်ဒန်မြို့ကို ရောက်လာနိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။

မော်ဂန်ကပဲ ” စပါးပွဲကြို ပိုစ့်တွေ အကုန်ပြန်ဖျက်ပြီ။ ဒီကလန်ရိုက်စ် ကျေးဇူးကြောင့်ပဲ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းက မန်စီးတီးကို အနိုင်ယူမှာပါ။ ” လို့ ဆက်လက် ရေးသားသွားခဲ့ပါတယ်။