မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ နောက်ရာသီ ဘယ် ဥရောပ ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ရနိုင်သလဲ

ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် ပွဲတွေ မှာ ချယ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ နိုင်ပွဲကိုယ်စီ ရခဲ့ကြတာကြောင့် နောက်ရာသီ ဥရောပပွဲတွေ ကစားခွင့်ရဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာက သေချာခဲ့ပြီ ဖြစ်တာကြောင့် အဆင့် ၄ အပြင်က အသင်းတွေဟာ လက်ရှိမှာ ယူရိုပါလိဂ်နဲ့ ယူရိုပါလိဂ်ကွန်းဖရန့်တွေမှာ ပါဝင်နိုင်ရေးပဲ အဓိက ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

ဒီရာသီ အဆင့် ၅ မှာ ရာသီသိမ်းတဲ့ အသင်း (လက်တလော စပါး) က ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ များနေပါတယ်။ ဒါပေမယ့် အဆင့် ၆ နေရာက အသင်းအတွက်တော့ နည်းနည်း ရှုပ်ထွေးပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေကာ အင်္ဂလန်မှာက အက်ဖ်အေ ဖလား ချန်ပီယံကို ယူရိုပါလိဂ် ၁ နေရာ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

ယူနိုက်တက်တို့ ဗိုလ်စွဲမယ်ဆိုရင် အမှတ်ပေးလိဂ်မှာ အဆင့် ဘယ်နေရာကပဲရှိနေနေ မန်ချက်စတာကလပ်ဟာ နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရမှာပါ။

ရာသီကုန်လို့ ယူနိုက်တက်က အက်ဖ်အေဖလား အနိုင်ရပြီး အဆင့် ၆ အပြင်ဘက်မှာ ရှိနေမယ်ဆိုရင် လိဂ်ရဲ့ အဆင့် ၆ အသင်းက ယူရိုပါကွန်းဖရန့်လိဂ် ပါဝင် ယှဉ်ပြိုင်ရပါမယ်။

အကယ်လို့ မန်စီးတီးက အက်ဖ်အေဖလား အနိုင်ရခဲ့ရင်တော့ လိဂ်ရဲ့ အဆင့် ၆ အသင်း (လက်ရှိ ချယ်ဆီး) က ယူရိုပါလိဂ်နဲ့ အဆင့် ၇ အသင်း (လက်ရှိ နယူးကာဆယ်) က ယူရိုပါကွန်းဖရန့်တို့ကို ဝင်ရောက်ခွင့်ရသွားမှာပဲ ဖြစ်ပါတယ်။