မန်စီးတီးက ဝက်စ်ဟမ်းနဲ့ပွဲကို စောစောဖြတ်လိမ့်မယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ဖလားကို လက်မလွှတ်ရအောင် နောက်ဆုံးပွဲ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အမှားအယွင်း မရှိဖို့ အားထုတ်ရတော့မှာပါ။ စီးတီးနဲ့ ဝက်စ်ဟမ်းပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်က မန်စီးတီး – ဝက်စ်ဟမ်း ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ဖလား ၇ ခုထဲက ၄ ခုဟာ ရာသီ သိမ်းပွဲ နောက်ဆုံးနေ့မှာ အပိုင်သိမ်းနိုင်ခဲ့တာပါ။ အဲဒီထဲက ၃ ပွဲမှာ စီးတီးက အနည်းဆုံး တစ်ဂိုး ပေးရပြီး လိုက် ကစားခဲ့ရပါသေးတယ်။

ဒီရာသီ ပွဲကတော့ မတူပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲဟာ စီးတီး နိုင်ရုံတင် နိုင်မှာ မဟုတ်ဘူး၊ ပွဲကို စောစောဖြတ် ဂိုးတွေ သွင်းမယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။ နောက်ဆုံးပွဲ ဒရမ်မာတွေ လုပ်မနေဘဲ စံချိန်တင် လေးရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် သူတို့ ခံယူမှာပါ။

လူတော်တော် များများလိုပဲ ကျွန်တော်လည်း စီးတီးချည်း နိုင်နေတာ မြင်ေ်နရလို့ ငြီးငွေ့နေပါပြီ။ ဒါပေမယ့် သူတို့ဟာ စက် machine တစ်ခုလို အထင်ကြီးစရာ စွမ်းဆောင်နေတာကိုတော့ ဝန်ခံရပါမယ်။

သူတို့က ကိုယ့်ခြေ ကိုယ့်လက်နဲ့ လှုပ်ရှားသွားတော့တာပဲ။ အင်္ဂါနေ့က တော့်တင်ဟမ်နဲ့ပွဲမှာလည်း ပြိုင်ဘက်က ဖိအားပေးခဲ့တာတောင် သူတို့ တုန့်ပြန်သွားတာ အထင်ကြီးစရာပါ။ တစ်သင်းလုံး အရန်ခုံက ကစားသမားတွေက အစ ပွဲကို သက်ရောက်မှု ပေးနိုင်တာ သိပ်မိုက်ပါတယ်။ သူတို့ မန်နေဂျာကတော့ဗျာ ဉာဏ်ကြီးရှင်ပါပဲ။

ပက် ဂွာဒီယိုလာက သူ့ရဲ့ ဆုဖလားတိုင်းကို မတူညီတဲ့ ဟန်တွေနဲ့ ရယူခဲ့တာပါ။ သူ့အသင်းကို ပြောင်းလဲ ဆန်းသစ်နေတာ ဘယ်တော့မှ မရပ်တန့်ပါဘူး။

ဒီရာသီမှာဆိုရင် တစ်ရာသီလုံး တောက်လျောက် ကြံ့ခိုင်မှုပိုင်း မာကျောကို အထူး အထင်ကြီးမိတယ်။ အာလင်း ဟာလန်း ဆိုလည်း အရင်ကလောက် မကောင်းဘူးသာ ထင်ခဲ့ကြတာ၊ အခုဆို သူက နောက်ထပ် ရွှေဖိနပ်ဆု ယူတော့မယ့် ပုံပါပဲ။

လူတိုင်းက ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး လိဂ် တစ်ခုပဲ လို့ ပြောနေကြတဲ့ အကြောင်းအရင်း က ပြိုင်ဆိုင်မှု ပြင်းထန်လွန်းလို့ပါ။ စီးတီးလည်း ဒီရာသီမှာ ခက်ခဲတဲ့ ပွဲတွေ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် ဖိအားတွေ အောက်မှာ ရှိနေချိန်မှာလည်း သူတို့ ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ် အတွက်တော့ နည်းနည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူကလည်း သူ့အသင်းအတွက် နည်းပြ အဖြစ် နောက်ဆုံးပွဲ ဖြစ်မှာပါ။ ဒိထက် ပိုခက်တဲ့ ပွဲလည်း ကြုံစရာ မရှိတော့ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၅-ဝ ဝက်စ်ဟမ်း ဖြစ်ပါတယ်။