ဒီညပွဲမှာ မန်စီးတီး ခြေချော်၊ အာဆင်နယ် ဖလားရသွားဖို့ မျှော်လင့်နေတဲ့ ဂန်းနားဟောင်းကြီး အွန်နရီ

အာဆင်နယ် တိုက်စစ်မှုးကြီး သီယာရီ အွန်နရီကတော့ ရာသီသိမ်းပွဲမှာ မန်စီးတီး ခြေချော်သွားရင် အာဆင်နယ်တို့ ဖလားရနိုင်ဆဲဆိုတဲ့ အတွေးကို ဖျောက်မရဘူး ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ကလပ် ၂ သင်းကြား ၂ မှတ်ပဲကွာဟနေတာကြောင့် ဒီည မန်စီးတီးတို့ သရေကျရင် တဖက်မြှ အာဆင်နယ်က အဲဗာတန်ကို အနိုင်ရပါက ဖလားရသွားမှာဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကြာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အာဆင်နယ်တို့ တစ်ကျော့ပြန် အောင်မြင်တာမျိုးကို မြင်လိုတဲ့ ဂန်းနားတွေ အများကြီး ရှိနေတာပါ။ အွန်နရီကလည်း သူတို့ထဲက တစ်ဦးပဲ ဖြစ်ပါတယ်။

အွန်နရီက ‘ ဖလားအောင်မြင်နိုင်ခြေက မန်စီးတီးလက်ထဲမှာပါ။ ဒါကို ကျနော် သိပါတယ်။ အဂွယ်ရို ကိစ္စ အပါအဝင် မန်စီးတီးက ရာသီသိမ်းပွဲတွေမှာ အခိုက်အတန့်ကောင်းတွေ ရတာကို ကျနော် အများကြီး မြင်ဖူးပါတယ်။

မန်စီးတီးတို့ နောက်ဆုံးပွဲမှ ပျက်စီးသွားမယ် မထင်ပေမယ့် ပရိသတ်တစ်ယောက် အနေနဲ့ကတော့ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲလို့ပဲ ထင်မြင်နေမိပါတယ်။

ကျနော်တို့နိုင်ရင် ဖလားရမှာပဲ ဆိုတဲ့ အတွေးက ဝင်ဝင်လာတယ်။ တော်ပါပြီ ဒီအကြောင်း ထပ် ထပ် မမေးပါနဲ့။ ကျနော် ပြောတာ သိပ်များနေပြီး မန်စီးတီးက သိပ်ကောင်းတဲ့အသင်းပါ။ သူတို့ နောက်ဆုံးပွဲ မနိုင်ဖို့ မျှော်လင့်ပါတယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားက မန်ချက်စတာမြေမှာပဲ ဆက်ရှိနေမှာလား လန်ဒန်ကို ရောက်သွားမလား ဒီကနေ့ညမှာ တစ်ရာသီလုံးစာအတွက် အဖြေပေါ်ပြီဖြစ်ပါတယ်။