ကပ်လွဲခဲ့တဲ့ အာဆင်နယ်ကို ဘာလို့ ဖလား မရတာလဲ? ပိုပြီး ကြေကွဲအောင် ထောက်ပြလိုက်တဲ့ ရိုဒရီ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားတဲ့နောက် မန်ချက်စတာ စီးတီးအသင်းဟာ အင်္ဂလန် သမိုင်းမှာ မရှိသေးတဲ့ စံချိန်သစ် အဖြစ် ၄ ရာသီဆက်တိုက် ပြည်တွင်း ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အနီးကပ် ပြိုင်ဘက် အာဆင်နယ်ဟာ ရာသီသိမ်းပွဲကို အနိုင်ရပေမယ့် မန်စီးတီးက ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးသော ကိစ္စကြီးကို မန်စီးတီးက လုပ်ပြခဲ့ခြင်းဖြစ်ပါတယ်။

အာဆင်နယ်ကို ကျော်ဖြတ်ပြီး မန်စီးတီးတို့ ဖလားရခဲ့ခြင်းဟာ အဓိက အားဖြင့် စိတ်ဓါတ်ပိုင်း ကွာခြားမှုကြောင့်လို့ စီးတီး ကွင်းလယ်လူ ရိုဒရီက မှတ်ချက်ပြုလိုက်ပါတယ်။

ရိုဒရီက “ အာဆင်နယ်က မယုံနိုင်စရာ ဘောလုံးရာသီကောင်းကို ကစားပြခဲ့ပါတယ်။ ဒါပေမယ့် ခြားနားသွားတာက စိတ်ဓါတ်ပိုင်းပါပဲ။

အီတီဟတ်ကို ရောက်လာချိန်မှာ အာဆင်နယ်က ကျနော်တို့ကို အနိုင်ယူဖို့ထက် သရေတစ်မှတ်အတွက်ပဲ ကစားလိုကြပါတယ်။ ကျနော်တို့ဆို အဲ့ဒီလို စိတ်ဓါတ်မျိုးနဲ့ ကစားမှာ မဟုတ်ပါဘူး။ ” လို့ ရှင်းပြခဲ့ပါတယ်။

ဒီရာသီ အီတီဟတ်မှာ ယှဉ်ပြိုင်ကြစဉ် အာဆင်နယ်က ခံစစ်ကို ပိတ်ကစားသွားခဲ့ပြီး သရေ ၁ မှတ်ကိုပဲ ဦးတည်ခဲ့ခြင်းဟာ အခုလို ရာသီကုန်မှာတော့ အောင်မြင်မှုနဲ့ ဝေးကွာစေခဲ့တာပဲ ဖြစ်ပါတယ်။