အကြီးမားဆုံး ပြိုင်ဘက်က ကလော့ပ် ပါပဲ လို့ နှုတ်ဆက်စကား ဆိုလိုက်တဲ့ ပက် ဂွာဒီယိုလာ

စံချိန်တင် ၄ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်ဖလား အောင်မြင်အပြီးမှာ မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက သူ့ရဲ့ ပြိုင်ဘက် ယာဂင်ကလော့ပ်ကို နှုတ်ဆက်စကား ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့ ကလော့ပ်ဟာ ၁ ရာသီ အနားယူမယ်လို့ ကြေညာခဲ့ပြီး ဘောလုံးလောကကို ခေတ္တ စွန့်ခွာသွားခဲ့ပါပြီ။ ဂျာမနီမှာတည်းက ပြိုင်ဆိုင်လာခဲ့ပြီး ဆယ်စုနှစ်ကြာ မဟာပြိုင်ဘက်ဖြစ်ခဲ့တဲ့ ကလော့ပ်ကို ဂွာဒီယိုလာကတော့ အတော်လေး လွမ်းနေတော့မှာပါ။

ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အနိုင်ရအပြီးမှာ မျက်ရည်ပါကျခဲ့တဲ့ ဂွာဒီယိုလာကတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံး နည်းပြလို့ ချီးကျူးခဲ့တဲ့ ကလော့ပ်ဟာ လွမ်းဆွတ်စကားတွေ ပြောဆိုသွားပါတယ်။

ဂွာဒီယိုလာက ” ကျနော် ကလော့ပ်ကို လွမ်းနေတော့မှာပါ။ ကလော့ပ်က ကျနော်ဘဝအတွက် အရေးကြီးသူပါ။ သူကပဲ ကျနော်ကို မန်နေဂျာတစ်ယောက်အဖြစ် လယ်ဗယ်တစ်ခုထိကို ရောက်သွားစေခဲ့ပါတယ်။

ကျနော်တို့ကြား အချင်းချင်း လေးစားမှုက သိပ်ကိုကြီးမားပါတယ်။ သူ ပြန်လာမယ်လို့ ကျနော် ခံစားမိနေတယ်။ သူ့ရဲ့ ချီးကျူးစကားတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော် တစ်ယောက်တည်းကြောင့် ဒီလိုတွေ အောင်မြင်တာ မဟုတ်ပါဘူး။

ကလော့ပ်က ကျနော်ကို အများကြီး ကူညီခဲ့တယ်၊ သူ့အသင်းကလည်း ကျနော်ကို ကူညီခဲ့တယ်။ ကျနော်ဘဝမှာ ကလော့ပ်က အကြီးမားဆုံး ပြိုင်ဘက်ပါပဲ။ အခြားအသင်းတွေကို ဒုက္ခပေးနိုင်မယ့် နည်းလမ်းမျိူးတွေ လီဗာပူးကိုဆို မရှာနိုင်ခဲ့ပါဘူး။ တကယ်ကို ခက်ခဲခဲ့ပါတယ်။

အာတီတာနဲ့ အာဆင်နယ်ကလည်း ကျနော်တို့ကို နောက်ထပ် အဆင့်ထံ တွန်းအားပေးနိုင်ပါလိမ့်မယ်။ ကလော့ပ် အတွက် ဆုတောင်းပေးပါတယ်။ သူက လီဗာပူးရဲ့ ဂန္တဝင်တစ်ဦး ဖြစ်နေမှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။