အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်တာ အူနိုင်း အမ်မရီကြောင့် လို့ လက်ညှိုးထိုးလိုက်တဲ့ ဂန်းနားဟောင်းကြီး

ဂန်းနားဟောင်းကြီး မာတင်ကီယွန်ကတော့ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းဟောင်း အာဆင်နယ်ကို အသည်းအသန် အနိုင်ယူချင်စိတ်ကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဖလား လက်လွှတ်ခဲ့ရတာ ဖြစ်တယ် လို့ သုံးသပ် ပြစ်တင်လိုက်ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၄ ကနေ ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ဖလား ပြန်လာရယူဖို့ အတော် နီးစပ်ခဲ့ပေမယ့် မန်စီးတီး နောက် နှစ်မှတ်အကွာကနေပဲ ကျေနပ်ခဲ့ရပြန်ပါတယ်။

အာဆင်နယ်ဟာ ဧပြီလထဲတနု်းက အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂-ဝ နဲ့ အရေးနိမ့်ခဲ့ပါသေးတယ်။ ဗီလာကို ဒီရာသီ အိမ်ကွင်းရော အဝေးကွင်းပါ အရေးနိမ့်ခဲ့တာက ဂန်းနားတို့ရဲ့ ကျရှုံးခန်း ဖြစ်သွားစေခဲ့တယ်လို့ ကီယွန်က ယုံကြည်နေပါတယ်။

” အာဆင်နယ်က တိုးတက်နေဆဲ ကလပ် တစ်သင်းပါ။ မန်စီးတီးလို အသင်းနဲ့ ဖလား လုနေရတဲ့ အချိန်မှာ အာဆင်နယ်က အက်စတွန်ဗီလာနဲ့ ပွဲတွေမှာ သရေ ဒါမှ မဟုတ် မရှုံးခဲ့ရင် သူတို့ ချန်ပီယံ ဖြစ်သွားနိုင်ပါတယ်။ အဲဒီပွဲတွေက အာဆင်နယ်ကို ထိခိုက်သွားစေခဲ့ပြီး စီးတီးပဲ ထပ်ရသွားတော့တာပဲ။

အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်တာက အူနိုင်း အမ်မရီ ကြောင့်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ သူက အာဆင်နယ်ဆီကနေ ၆ မှတ် ယူသွားတာ။

သူက ကြည့်လိုက်ရင် လုံးဝ ငြိမ်သက်နေတဲ့ ရေပြင်လိုပါပဲ။ အသင်းဟောင်းနဲ့ ရင်ဆိုင်ရချိန်မှာ လုံးဝ တည်ငြိမ် အေးဆေးနေတယ်။ အဲဒီ ရေမျက်နှာပြင်ရဲ့ အောက်မှာ သူ့ရဲ့ အသည်းအသန် နိုင်လို့ စိတ် ရှိနေတယ်။ သူ လုပ်လည်း လုပ်နိုင်ခဲ့တယ်။ အာဆင်နယ် ချန်ပီယံ ဖြစ်မသွားအောင် ရပ်တန့်နိုင်ခဲ့တယ်။

ကျွန်တော်က နှစ်သင်းလုံးမှာ ကစားဖူးတဲ့သူပါ၊ နှစ်သင်းလုံး ဂရိတ် ကလပ်တွေ ဖြစ်တဲ့၊ ဗီလာကတော့ လုံးဝ အံ့ဖွယ် လုပ်ပြနေတယ်။ သူတို့ ဒီရာသီ အစမှာ ၅ ဂိုး ပေးပြီး စတင်ခဲ့ရတာ။ အခုကျ အဆင့် ၄ နဲ့ ရာသီ သိမ်းနိုင်ခဲ့တယ်။ ဒါ့အပြင် ချန်ပီယံ ဖြစ်မယ့် အသင်းကိုတောင် အဆုံးအဖြတ် ဖြစ်သွားစေခဲ့သေးတယ်။ ” လို့ ကီယွန်က သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။