ချယ်ဆီး အသင်းဟာ နည်းပြ ပိုချက်တီနို နဲ့ လမ်းခွဲပြီးနောက် ထပ်မံ ခန့်ထားဖို့ လျာထား မန်နေဂျာစာရင်းကို အမြန်ဆုံး စုစည်းနေပြီဖြစ်ကာ ဇွန်လအစမှာတင် နည်းပြသစ်ကို ကြေညာပါတော့မယ်။
ရာသီကုန်မှာ ပိုချက်တီနို ရုတ်တရတ် ထွက်ခွာခြင်းဖြစ်လို့ ချယ်ဆီးအသင်းက ပြင်ဆင်ချိန် အများကြီး မရပါဘူး။ ဒါ့အပြင် အက်ဖ်အေဖလား ဖိုင်နယ်အပြီး ယူနိုက်တက်ကလည်း နည်းပြသစ် ရှာဖွေမှု စတင်လာနိုင်တာကို ချယ်ဆီးဘက်က သိထားပါတယ်။
ချယ်ဆီးအသင်းဟာ အားကစားဒါရိုက်တာတွေဖြစ်တဲ့ Paul Winstanley, Laurence Stewart တို့နဲ့အတူ ၄ ဦးပါ နာမည်စာရင်း တစ်ခုကို ဖန်တီးနေပါတယ်။
ချယ်ဆီးနည်းပြသစ် ဖြစ်လာဖို့ ၎င်းတို့ ပြုစုထားတဲ့ ၄ ဦးပါစာရင်းထဲ သောမက်စ် ဖရန့်၊ မက်ကန်နာ၊ မာရက်စကာနဲ့ နောက်ထပ် ၁ ဦးတို့ ပါဝင်လာမယ်လို့ သိရပါတယ်။
အခုချိန်ထိတော့ ဘယ်သူ့ကိုမှ ဦးစားပေးအဖြစ် သတ်မှတ်ထားခြင်း မရှိဘဲ စကားပြောကြည့်ပြီးမှ အသင်းတာဝန်ရှိသူတွေ သဘောကျတဲ့ ရေပန်းစားသူကို ရွေးထုတ်ဖို့ ရှိပါလိမ့်မယ်။
ချယ်ဆီးအသင်းကတော့ လက်ရှိ လူစာရင်းနဲ့ အနာဂတ် ကစားသမားခေါ်ယူမှု ပလန်တွေမှာ အံဝင်မယ့် လူငယ်နည်းပြမျိုးကို အလိုရှိနေပြီး ဖရန့်၊ မက်ကန်နာ၊ မာရက်စကာတို့ရဲ့ စာချုပ်ဖျက်သိမ်းကြေးတွေကို လေ့လာထားပြီ ဖြစ်ပါတယ်။