ဂွာဒီယိုလာနဲ့ စီးတီးအသင်းသားတွေကို လေးစားပေမယ့် အက်ဖ်အေဖလားတော့ ငါတို့ပဲ ယူမှာဆိုတဲ့ တန်ဟက်ရဲ့ ပွဲကြိုစကား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ မနက်ဖြန် စနေနေ့ ဝင်ဘာလေက အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူကာ ချန်ပီယံ ဖြစ်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဒီပွဲရလဒ်ဟာ နောက်ရာသီ ယူနိုက်တက်ရဲ့ ဥရောပ ဝင်ခွင့် အပြင် ယူနိုက်တက်ကို နည်းပြတန်ဟက် ကိုင်တွယ်ခွင့်ရမလား အဆုံးအဖြတ်ပေးမှာပါ။

တန်ဟက်ကတော့ ဝင်ဘာလေက အက်ဖ်အေ ဖိုင်နယ်ပွဲဟာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူပစ်ဖို့ရာ အခွင့်အရေးကောင်းအဖြစ် မျှော်လင့်ထားပါတယ်။

တန်ဟက်က ” ခက်ခဲတဲ့ ဘောလုံးရာသီဖြစ်ပေမယ့် ကျနော်တို့ ဖိုင်နယ်ကို ရောက်လာပါပြီ။ ဒါက ဆုဖလားအောင်မြင်ဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

အက်ဖ်အေဖလား လို ပြိုင်ပွဲရဲ့ ဖိုင်နယ် ကို ရောက်လာပြီဆိုမှတော့ ကျနော်တို့ ဖလားအောင်မြင်ရေး ရည်မှန်းနေဖို့ပဲ ရှိပါတယ်။ ဂွာဒီယိုလာနဲ့ သူ့ရဲ့ အသင်းသားတွေကို လေးစားပေမယ့် ကျနော်တို့ကလည်း အရည်အချင်းရှိတဲ့ အသင်းပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ကောင်းမွန်တဲ့ ပလန်နဲ့အတူ အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒီပွဲက ကျနော်တို့ကို အောင်မြင်မှုကို အလိုရှိတဲ့ အကျင့်စရိုက်ကောင်းပေးနိုင်မှာပါ။ နောက်ရာသီအတွက် ဒါကို အခြေခံကောင်းအဖြစ် တည်ဆောက်ရပါမယ်။

ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ပရိသတ်တွေ ပေါင်းစပ်ပြီး အက်ဖ်အေဖလား ဖိုင်နယ်ပွဲအတွက် အစွမ်းကုန် ပေးဆပ်ကစားရမှာ ဖြစ်ပါတယ် ” လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။