တန်ဟက် ပြောတဲ့ ဆင်ခြေကို သူ အပြည့်အဝ နားလည် သဘောတူတယ် ဆိုတဲ့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ

မန်ချက်စတာ ယူနိုက်တက် ဒီရာသီ ရုန်းကန်နေရတဲ့ အဓိက အကြောင်းအရင်းက ဒဏ်ရာ ပြဿနာတွေကြောင့်လို့ ဆိုထားတဲ့ နည်းပြ တန်ဟက် စကားကို မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ အပြည့်အဝ နားလည် ထောက်ခံတယ်လို့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ မတိုင်ခင် ပွဲကြိုမှာ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီဟာ အသင်း သမိုင်းတလျောက် ပရီးမီးယားလိဂ်မှာ အနိမ့်ဆုံး ရပ်တည်မှု အဖြစ် အဆင့် ၈ နဲ့ ရာသီ သိမ်းခဲ့ရပါတယ်။ တန်ဟက်ကတော့ ဒီ ခက်ခဲတဲ့ ရာသီကို ပြန် ဖြေသိမ့်ဖို့ စနေနေ့ ဝင်ဘာလေမှာ အက်ဖ်အေ ဖလား ကိုင်မြှောက်ရန် ပစ်မှတ်ထားနေပါတယ်။

ဂွာဒီယိုလာကတော့ နယ်သာလန်သား နည်းပြရဲ့ ဒီရာသီ ရုန်းကန်ရမှုတွေဟာ သူ နားလည်လို့ ရကြောင်း အခုလို ပြောဆိုလာခဲ့တာပါ။

” ဒီလို ကလပ်အသင်းကြီးတွေမှာက ဆုဖလားတွေသာ အနိုင်မရရင် ခင်ဗျား ဒုက္ခရောက်ပြီပဲ။ ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး လူတိုင်းလည်း သိပါတယ်။ ကျွန်တော်လည်း ဆုဖလားတွေ မရရင် ဒုက္ခရောက်မှာပဲ။

တန်ဟက်က အရမ်း အရမ်းကို ကောင်းမွန်တာတွေ လုပ်ခဲ့ပါတယ်။ သူ အရင်က လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် လေးစားမှုလည်း ရှိတယ်။

သူက ဒီတရာသီလုံး လူစာရင်းအပြည့် မပိုင်ဆိုင်ခဲ့ရဘူးလို့ ပြောတာ ကျွန်တော် ကြားလိုက်ရပတယ်။ ကျွန်တော် လုံးဝ နားလည်၊ သဘောတူပါတယ်။ သူတို့အသင်းမှာ တကယ်ကို ဒဏ်ရာ ပြသနာတွေ အများကြီး အများကြီး ကြုံခဲ့တာပါ။

ဒီအကြောင်းပြချက် ကြောင့် ဆိုတာ သူတို့ (ယူနိုက်တက် တာဝန်ရှိသူတွေ) စဉ်းစားသင့်ပါတယ်။ ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်နေမှသာ နည်းပြ ထည့် သုံးလို့ ရမှာလေ။ ” လို့ ပက် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘက်ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက် နိုင်သည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ နည်းပြ တန်ဟက်ကို ထုတ်ပယ်တော့မှာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။