ကလော့ပ်နဲ့ အာဆင်ဝင်းဂါး ဘယ်သူ ပိုသာသလဲ ဂျင်မီ ကာရေဂါရဲ့ ရွေးချယ်မှုနဲ့ ဝင်ထောက်သွားတဲ့ ဂန်းနားဟောင်း

လီဗာပူးကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး မန်နေဂျာ ၅ ဦးကို သူ့အမြင်အရ ရွေးချယ်သွားပါတယ်။

သူက မန်ချက်စတာ နည်းပြတွေဖြစ်တဲ့ ဂွာဒီယိုလာ၊ ဆာအဲလက်စ်တို့ကို ဦးစားပေးခဲ့ပြီး တတိယနေရာမှာတော့ မော်ရင်ညိုကို ရွေးချယ်ခဲ့တယ်။ နောက်ဆုံး ၂ နေရာအတွက် ရွေးချယ်ရာမှာ ကာရေဂါနဲ့ ဝီရှိုင်းယားတို့ သဘောတူညီမှု မရခဲ့ပါဘူး။

ကာရေဂါက ” ဝင်းဂါးကြီးရဲ့ အပေါ်မှာ ကလော့ပ်ကို ထားချင်တယ်။ ဒါကလည်း ချန်ပီယံလိဂ်ဖလား အောင်မြင်ခြင်းကြောင့်ပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာပါ။

ဒါကို ဂန်းနားဟောင်း တစ်ဦး ဖြစ်တဲ့ ဝီရှိုင်းယားက သဘောမကျပါဘူး။ သူကတော့ အာဆင်ဝင်းဂါးက ချန်ပီယံလိဂ် မရဖူးပေမယ့် နှစ်တွေပိုကြာကြာ စွမ်းဆောင်ပြနိုင်ခြင်းကြောင့် ကလော့ပ်ရဲ့ အထက်မှာ ရှိသင့်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဝီရှိုင်းယားက ” လီဗာပူးအသင်းကို ကလော့ပ်ရဲ့ အသွင်ပြောင်းပေးမှုက မယုံနိုင်စရာပါပဲ။ ဒါပေမယ့် အာဆင်ဝင်းဂါးရဲ့ ပရီးမီးယားလိဂ် အမွေအနှစ်ကတော့ နှိုင်းယှဉ်လို့မရအောင် အကောင်းဆုံးပါပဲ။

ဂျင်မီ မင်း သိပ်ပြီး ဘက်မလိုက်ပါနဲ့ကွာ။ နှစ်တွေအကြာကြီး သူလုပ်ပြနိုင်ခဲ့မှုတွေနဲ့ ပရီးမီးယားလိဂ်မှာ အရှုံးမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ တစ်သင်းတည်သော အသင်းကို ဦးဆောင်နိုင်ခဲ့တာအတွက် အာဆင်ဝင်းဂါးကို လေးစားပါ “လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။