ဝင်ဘာလေမှာ ယူနိုက်တက်တို့ မှော်ဝင်ပြီး စီးတီးကို အနိုင်ယူကာ FA ချန်ပီယံ ဖြစ်သွားခြင်း၊ နောက်ဆက်တွဲ မျက်နှာပန်းမလှ ဖြစ်သွားခဲ့ရတဲ့ လန်ဒန် နှစ်သင်း

ဒီစနေညချမ်း ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားသွားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကတော့ ဘောလုံး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ မန်စီးတီးကို ပထမပိုင်းတည်း ၂ဂိုး သွင်းကာ ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲပြီးချိန်မှာ ၂-၁ နဲ့ အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့တာပါ။

ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ပထမပိုင်းမှာ ဂနာချိုနဲ့ မိုင်နူးတို့က သွင်းယူခဲ့ခြင်းဖြစ်ကာ ဒုတိယပိုင်းမှာ မန်စီးတီးအတွက် ဒိုကူက ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

စီးတီးကစားသမားတွေ ပရီးမီးယားလိဂ် လေးနှစ်ဆက်တိုက် ချန်ပီယံတွေ အဖြစ် အလွန်အကျွံ အောင်ပွဲခံတာတွေ လုပ်ထားတာကြောင့် အရက်နာကျနေဆဲ ဖြစ်ဟန်ရှိကာ ယူနိုက်တက်ကို လွှမ်းမိုးနိုင်တဲ့ ကစားဟန် မရှိခဲ့ပါဘူး။

အဆင့် ၈ နေရာက ရာသီသိမ်းခဲ့တဲ့ ယူနိုက်တက်ဟာ ဒီပွဲနိုင်မှ နောက်ရာသီ ဥရောပပွဲ ကစားရမှာမို့ အတော်လေး အားထုတ်ယှဉ်ပြိုင်သွားခဲ့ပါတယ်။

တန်ဟက်နဲ့အတူ အက်ဖ်အေဖလား ဖိုင်နယ်ကို ၂ ရာသီဆက် တက်ရောက်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီ ဗိုလ်လုပွဲမှာ အနိုင်ယူ ဗိုလ်စွဲလိုက်တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခွင့်ရပြီ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ချန်ပီယံအဖြစ် ယူနိုက်တက်တို့ ယူရိုပါလိဂ်ဝင်ခွင့် ယူသွားလို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာက ရာသီသိမ်းခဲ့တဲ့ ချယ်ဆီးက နောက်ရာသီ ယူရိုပါကွန်းဖရန့်လိဂ်မှာပဲ ကစားရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် စီးတီးသာ အက်ဖ်အေ ချန်ပီယံ ဖြစ်သွားရင် ပရီးမီးယားလိဂ် အဆင့် ၂ အသင်း အနေဖြင့် ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ခွင့် ရနိုင်တဲ့ အာဆင်နယ် အသင်းလည်း ထို အခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။

၂၀၂၃-၂၄ ဘောလုံးရာသီ ပိတ်သိမ်းသွားချိန်မှာ အသင်းကြီးတွေထဲ က မန်ချက်စတာ စီးတီး၊ ယူနိုက်တက်၊ လီဗာပူး အသင်းတို့က ဖလားကိုယ်စီ ရခဲ့ပြီး အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့က ဖလား လက်မဲ့ ဖြစ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ မစတင်ခင်မှာ ရာသီ အဖွင့်ပွဲအဖြစ် ဝင်ဘာလေမှာ မန်ချက်စတာ နှစ်သင်းက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံတွေအဖြစ် ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။