ယူနိုက်တက်က သူ့ကို မလိုတော့ရင် တခြားအသင်း ပြောင်းပြီး ဖလားတွေ ယူမှာ ဆိုတဲ့ တန်ဟက်ရဲ့ ချန်ပီယံ ပြောစကား

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝင်ဘာလေမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၂-၁ နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလားကို သိမ်းပိုက် အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန်ပြည်တွင်းမှာ ဂွာဒီယိုလာရဲ့အသင်းအား ဖိုင်နယ်ကနေ ဖြုတ်ချနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့သလို နည်းပြတန်ဟက်လက်ထက် ဖိုင်နယ်ပွဲ ၃ ပွဲ တက်ရောက်ရာမှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြတန်ဟက် တစ်ယောက် ယူနိုက်တက်ကို ဆက်လက် ကိုင်တွယ်ခွင့် ရမလား ဆိုတာကတော့ မရေရာသေးပါဘူး။

ယူနိုက်တက် အသင်း ပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ကတော့ မနေ့ညက နိုင်ပွဲ အပြီးမှာ ဆုဖလား ရသွားတဲ့ ဖီလင်က သိပ်ကောင်းတယ်လို့ ချီးကျူးခဲ့ပေမယ့် တန်ဟက် အမည်ကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အက်ဖ်အေဖလား ချန်ပီယံဖြစ်အပြီးမှာ တန်ဟက်ကတော့ သူ လုပ်ဆောင်ပေးခဲ့တာတွေကို သိသာအောင် ထည့်ပြောခဲ့သလို အသင်းက မလိုတော့ရင် အခြားသို့ ပြောင်းရမှာ ဖြစ်ကြောင်း အခုလို ဆိုခဲ့ပါတယ်။

“ ယူနိုက်တက်ကို ကျနော် တာဝန်ယူတော့ အတော်လေး ရှုပ်ထွေးနေတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ယူနိုက်တက်က က ဖိုင်နယ်တွေ အများကြီးကို တက်ရောက်ကစားခွင့် မရထားပါဘူး၊ ဆုဖလားတွေ အများကြီး အောင်မြင်ထားတာ မရှိပါဘူး၊ လူငယ်တွေ ထင်ပေါ်လာတာ မရှိပါဘူး။

(ကျနော် ရောက်လာတဲ့) နောက်ဆုံး ၂ ရာသီအတွင်း ဖိုင်နယ် ၃ ကြိမ်ရောက်ပြီး ဖလား ၂ လုံးအောင်မြင်တာက မဆိုးဘူး ထင်ပါတယ်။ ယူနိုက်တက်က ကျနော်ကို မလိုတော့ဘူးဆိုရင် ကျနော်ကလည်း အခြားအသင်းထံ ပြောင်းသွားပြီး ဆုဖလားတွေကို ဆက်ယူနေဦးမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က အက်ဖ်အေသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်တဲ့ အာဆင်နယ်ကို လိုက်မှီဖို့ ၁ ကြိမ်ပဲ လိုတော့ကာ ၅ ရာသီအတွင်း အက်ဖ်အေဖလား ၁ လုံးပဲ အနိုင်ရခဲ့တဲ့ အာတီတာရဲ့ အောင်မြင်မှုကိုလည်း တန်ဟက်က ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။