မန်စီးတီး ရှုံးတာ သူ့ကြောင့်ပါ၊ သူ့ ပလန်တွေ မကောင်းလို့ပါ လို့ ဖြေရှင်းလာတဲ့ နည်းပြ ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းဟာ မနေ့ညက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက် ယူနိုက်တက်ကို ပထမပိုင်း ပြီးတည်းက ၂-ဝ နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ်။ ပွဲပြီးခါနီး ချေပဂိုး တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ရလဒ်ကောင်း ပြန်မယူနိုင်တော့ဘဲ ၂-၁ နဲ့ ရှုံးကာ စီးတီးတို့ ဖလားလက်လွှတ်ခဲ့ရပါတယ်။

စီးတီးရဲ့ စွမ်းဆောင်ရည် ဒီပွဲမှာ ညံ့ဖျင်းခဲ့တာက သူ့ကြောင့်သာ ဖြစ်တယ်လို့ နည်းပြ ပက် ဂွာဒီယိုလာက ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ကျွန်တော့် ဆုံးဖြတ်ချက်တွေကြောင့် အသင်းက သူတို့ကို တိုက်စစ်ဆင်ဖို့ မှန်ကန်တဲ့ နေရာတွေမှာ ရှိမနေခဲ့တာပါ။ ကျွန်တော့် အမှားကြောင့်ပါ၊ ကျွန်တော် ပြင်ထားတဲ့ game plan က မကောင်းခဲ့လို့ပါ။

game plan က မကောင်းခဲ့ဘူးလို့ ကျွန်တော် ထင်တယ်။ ဒုတိယပိုင်းမှာတော့ အတော် ပိုကောင်းလာခဲ့တယ်။ အသင်းက ၂-ဝ နဲ့ ရှုံးနေတယ် ဆိုတော့ နောက်ပြန်လှည့်စရာလည်း မရှိတော့တာ ပါပါလိမ့်မယ်။ ပွဲကတော့ အကြိတ်အနယ် ရှိခဲ့တယ်။

ပထမဂိုး ပေးပြီးတဲ့နောက်ကိုပဲ သူတို့က ကစားကွက် အကူးအပြောင်း ကောင်းကောင်း လုပ်ပြီး နောက်တစ်ဂိုး ထပ်သွင်းသွားတယ်။ ဒုတိယပိုင်း ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် မလွယ်ခဲ့ဘူး။ သူတို့ရဲ့ လူကပ်တာ၊ ခံစစ်က ပိတ်ဆို့တာတွေ သိပ်ကောင်းတယ်။ တစ်ဂိုးတော့ ပြန်သွင်းနိုင်ခဲ့ပေမယ့် နည်းနည်း နောက်ကျသွားပါပြီ။ ” လို့ ပက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းသားတွေဟာ ပရီးမီးယားလိဂ် စံချိန်တင် ၄နှစ်ဆက်တိုက် ဗိုလ်စွဲပြီးနောက် အလွန်အကျွံ အောင်ပွဲခံခဲ့ကြပြီး ဗုဒ္ဓဟူးနေ့ကမှ ထရိန်နင်မှာ ပြန်စုစည်းတာ ဖြစ်တာကြောင့်လည်း မစုစည်းနိုင်ခဲ့တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။