မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ကို ရယူသွားတာကြောင့် ချယ်ဆီးအသင်းဟာ နောက်ရာသီမှာ တစ်ဆင့် ပိုနိမ့်တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲကိုသာ ပါဝင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်ဆီးအသင်းက ယူအီးအက်ဖ်အေရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတစ်ခုနဲ့ ငြိနေတာကြောင့် ယူရိုပါကွန်းဖရန့်လိဂ် ကစားခွင့်ကိုတောင် စွန့်လွှတ်ရဖွယ် ရှိနေကြောင်း သတင်း ထွက်နေပါတယ်။
အနောက်လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ ရခဲ့ပေမယ့် နောက်ရာသီ ဥရောပ ပြိုင်ပွဲ ပါဝင် ကစားဖို့ မရေရာသေးဘူး ဖြစ်နေပါတယ်။
ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေး တည်ငြိမ်မှု စည်းမျဉ်း financial sustainability regulations (FSR) အရ စည်းမျဉ်းနဲ့ မကိုက်ညီ ဖြစ်နေတဲ့ ချယ်ဆီးအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ကနေ နှုတ်ထွက်ရဖွယ် ရှိနေတာပါ။
ယူအီးအက်ဖ်အေရဲ့ FSR စည်းမျဉ်းအရ ပြီးခဲ့တဲ့ နှစ်နှစ်တာ (၂၀၂၂ – ၂၀၂၄) အတွင်း ကလပ်အသင်း တစ်သင်းရဲ့ အရှုံးဟာ ယူရို သန်း ၈ဝ (ပေါင် ၆၈.၅သန်း) အထိသာ ခွင့်ပြုထားပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အရှုံးအမြတ် စည်းမျဉ်း PSR ကတော့ ယူအီးအက်ဖ်အေထက် အနည်းငယ် ချောင်လည်ပြီး ပေါင် ၁ဝ၅ သန်း ထိ ရှုံးခွင့်ပေးထားပါတယ်။ ချယ်ဆီးအသင်းဟာ အခွန်မဆောင်ခင် အရှုံးက ပေါင် ၉ဝ.၁ သန်း ရှိနေပါတယ်။ ဒါကြောင့် ချယ်ဆီးအသင်းဟာ စတန်းဖို့ဘရစ်ချ်က ဟိုတယ် နှစ်လုံးကို ဆက်စပ် ကုမ္ပဏီ တစ်ခုထံ အရောင်းပြကာ ပရီးမီးယားလိဂ် စည်းမျဉ်းကို ထိန်းညှိထားပါတယ်။
ဒါပေမယ့် အိမ်ခြံမြေ ပစ္စည်း ရောင်းချမှုတွေက ယူအီးအက်ဖ်အေရဲ့ FSR တွက်ချက်မှုမှာ ထည့်သွင်းမှာ မဟုတ်တာကြောင့် ချယ်ဆီးအသင်းအတွက် မလွယ်ကူပါဘူး။
ဒီလို အခက်အခဲ ကြုံတွေ့နေတဲ့ အပြင် ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲက ရရှိမယ့် ဆုကြေးဟာ ချန်ပီယံလိဂ်ထက် များစွာ နည်းပါးတာကြောင့် ချယ်ဆီးအသင်း အနေနဲ့ ပြိုင်ပွဲ ဝင်ဖို့ စည်းမျဉ်းညီအောင် လုပ်မလား၊ မလုပ်တော့ဘူးလား ဆုံးဖြတ်ကာ အတည်ပြုချက် တင်သွင်းရဦးမှာ ဖြစ်ပါတယ်။
တကယ်လို့သာ ဥရောပ ပြိုင်ပွဲကို ရအောင် ကစားဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ ချယ်ဆီး အသင်းရဲ့ homegrown ကစားသမားတွေ ဖြစ်တဲ့ ကော်နာ ဂလယ်ဟာနဲ့ ချာလိုဘတ် တို့ဟာ ဇွန် ၃ဝ မတိုင်ခင် ရောင်းချခံရဖွယ် ရှိနေပါတယ်။