ဂွာဒီယိုလာ နေရာ အစားထိုးဖို့ နည်းပြသစ်ကို မန်စီးတီး အသင်း စတင် ရှာဖွေနေပါပြီ

နည်းပြ ပက် ဂွာဒီယိုလာ ဟာ သူ့ရဲ့ လက်ကျန် စာချုပ် ၁ နှစ်ကို မန်စီးတီးမှာ ကုန်ဆုံးပြီးရင်တော့ သက်တမ်း မတိုးတော့ဘဲ ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။

မန်ချက်စတာကလပ်ကို ဂွာဒီယိုလာ ကိုင်တွယ်တဲ့ ၈ ရာသီအတွင်း အမှတ်ပေးဖလား ၆ ကြိမ် အနိုင်ရခဲ့သလို ချန်ပီယံလိဂ်ဖလား အောင်မြင်မှုလည်း ရရှိခဲ့သေးတာပါ။ ဂွာဒီယိုလာ လို နည်းပြ နေရာ အစားထိုးဖို့ဟာ မန်စီးတီးအတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ မန်စီးတီးဟာ အစားထိုးဖို့ သင့်လျော်မယ့် မန်နေဂျာလောင်းတွေကို အခုတည်းက စတင် ရှာဖွေနေပြီဖြစ်ပါတယ်။

မန်စီးတီးဟာ လာလီဂါကလပ် ဂျီရိုနာ နည်းပြဖြစ်သူ Michel ကို စိတ်ဝင်စားမှု ရှိပါတယ်။ စပိန်သားနည်းပြဟာ ဂျီရိုနာကို နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားပေးထားသလို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို လာလီဂါမှာ ယှဉ်ပြိုင်နေသူပါ။

၂၀၂၆ ခုနှစ်ထိ ဂျာမနီလက်ရွေးစင်အသင်းနဲ့ စာချုပ်ရှိထားတဲ့ နာဂယ်စမန်းကိုလည်း မန်စီးတီးဘက်က အထင်ကြီး သဘောကျနေပါတယ်။ နာဂယ်စမန်းဟာ အနာဂတ်မှာတော့ ကလပ်အသင်း နည်းပြအဖြစ် ပြန်လာနိုင်သူဖြစ်ပါတယ်။

လေဗာကူဆင်နဲ့အတူ ဘွန်ဒက်လီဂါဖလား အောင်မြင်ခဲ့တဲ့ အလွန်ဆိုဟာလည်း မန်စီးတီးရဲ့ ပစ်မှတ်ပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကပါ အနာဂတ်မှာ အန်ဆယ်လော့တီ နေရာ အစားထိုးဖို့ အလွန်ဆိုကို ချိန်ရွယ်ထားသေးတာပါ။

အနာဂတ်က ဘာဖြစ်လာမယ် မပြောနိုင်သေးပေမယ့် ဆုဖလား အောင်မြင်မှုတွေ ထိန်းသိမ်းနိုင်ရေးအတွက် မန်စီးတီးက နည်းပြသစ် ရှာဖွေမှု လုပ်ဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။