ဖီယင်နုက ဘယ်လောက် ကောင်းခဲ့လို့လဲ? လီဗာပူး နည်းပြသစ် ဖြစ်လာမယ့် ဆလော့ကို တန်ဟက်ကတော့ စကားလုံးတွေနဲ့ ကြိုဆိုလိုက်ပါပြီ

မန်ချက်စတာ နည်းပြတန်ဟက်က တနိုင်ငံတည်းသားဖြစ်သလို လီဗာပူးနည်းပြသစ်ဖြစ်လာမယ့် အာနယ် ဆလော့အား ဝေဖန် တိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။

ယူနိုက်တက်ကို ရောက်စတုန်းက ပက်နဲ့ ကလော့ပ် ခေတ်က ကုန်ဆုံးတော့မယ် ပြောဆိုခဲ့ဖူးတဲ့ အဲရစ်တန်ဟက် ဟာ အခုလည်း လီဗာပူး အသင်း ကို ကိုင်တွယ်တော့မယ့် နည်းပြ အာနယ် ဆလော့ ကိုင်တွယ်ခဲ့တဲ့ ဖီယင်နု ပြောသလောက် ကောင်းနေတာ မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။

တန်ဟက်က “ လူတွေက ဖီယင်နုအကြောင်း အခုမှ အလွန်အမင်း ဂုဏ်တင် ချီးကျူးနေကြတယ်။ ဒီနှစ်ထဲ ဖီယင်နုရဲ့ အခြေအနေက တည်ငြိမ်ပေမယ့် ထိပ်ဆုံးအသင်း မဟုတ်ပါဘူး။

ပီအက်စ်ဗီက ဖီယင်နုထက် နေရာစုံမှာ လယ်ဗယ် ၂ ဆင့်လောက် ပိုသာပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ဖိအားပေးနိုင်စွမ်း၊ ပြင်းထန်စွာ အားထုတ်နိုင်စွမ်း ကြိုက်တဲ့ နေရာမှာ ချိန်ထိုးကြည့်လို့ရတယ်။

ပီအက်စ်ဗီနည်းပြနဲ့ သူ့အဖွဲ့သားတွေက စုစည်းမှုကောင်းကောင်းနဲ့ သူတို့အသင်းကို ထိပ်ဆုံးရောက်အောင် လုပ်ပြထားတာပါ။ ပီအက်စ်ဗီက နယ်သာလန်က အခြားကလပ်တွေထက် အပုံကြီး သာပါတယ်။ ဖီယင်နုထက်လည်း ပိုကောင်းတဲ့အသင်းပါ ” လို့ ဆိုခဲ့တာ ဖြစ်တယ်။

တန်ဟက်ကပဲ ကလော့ပ်နဲ့ သူ့နည်းပြအဖွဲ့ဟာ လီဗာပူးမှာ အခြေခံကောင်းတွေ တည်ဆောက်ပေးခဲ့တာမို့ ယူနိုက်တက်ကို သူ တာဝန်ယူစဉ်ကထက် ပိုလွယ်ကူတဲ့ အသွင်ပြောင်းမှုကို ဆလော့ ပိုင်ဆိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

တန်ဟက် ကို နောက်ရာသီ ဆက်ခန့်ဖို့ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေ အကြိတ်အနယ် ဆွေးနွေးနေကြပြီး အက်ဖ်အေဖလား ယူပေးခဲ့တဲ့နောက် တန်ဟက်ကို ဆက်ခန့်ထားဖွယ် ရှိနေပါတယ်။