ယူနိုက်တက် နည်းပြ တန်ဟက်ရဲ့ လုပ်ရပ်တစ်ခုကို ဘယ်လိုမှ နားလည်ပေးလို့ မရဘူး ထုတ်ဖော် ပြောခဲ့တဲ့ ယာဂင်ကလော့ပ်

ယာဂင်ကလော့ပ်က အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ လီဗာပူး နောက်ဆုံး နှုတ်ဆက်ပွဲ၊ Q&A အချိန်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် ရဲ့ လုပ်ရပ် တစ်ခုနဲ့ ပတ်သတ်ပြီး ခပ်ပါးပါးပုတ် ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဈေးကြီး ပေး ဝယ်ယူခဲ့တဲ့ အင်္ဂလန်သား တိုက်စစ်သမား ဂျေဒန် ဆန်ချို ကို တန်ဟက်က သူနဲ့ အဆင်မပြေမှုတွေ ဖြစ်ပြီးနောက် ဒေါ့မွန်ထံ အငှားစေလွှတ်ခဲ့ပါတယ်။

လီဗာပူးကလည်း ဆန်ချို ကို အလိုရှိခဲ့သေးပေမယ့် မခေါ်ယူနိုင်ခဲ့ဘဲ အင်္ဂလန်သားဟာ ၂၀၂၁ မှာ ဒေါ့မွန်ကနေ ယူနိုက်တက်ထံ ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဆန်ချိုက ယူနိုက်တက်မှာ အကောင်းဆုံး အနေအထား ပြဖို့ ရုန်းကန်နေခဲ့ရပြီး နည်းပြ တန်ဟက်ကတော့ ထရိန်နင်မှာ ဆန်ချို အပြည့်အဝ အားမစိုက်ဘူး ယူဆတာကြောင့် ပွဲထွက်မှာ ထုတ်မသုံးရာကနေ နည်းပြနဲ့ ကစားသမား အဆင်မပြေ ဖြစ်ခဲ့ကြတာပါ။

ကလော့ပ်က ” ကစားသမား တစ်ယောက်ကို တစ်ကမ္ဘာလုံးက ယုံကြည်မှု၊ စိတ်ချမှုတွေ ပျက်ပြယ်သွားခဲ့ပြီ ဆိုရင်တောင့် မန်နေဂျာကတော့ အဲဒီ ကစားသမားရဲ့ နောက်မှာ အပြည့်အဝ ရပ်တည်ပေးနေရမှာပါ။

ဒီကစားသမားကတော့ သုံးမရပါဘူးကွာ ဆိုတဲ့ ခပ်လွယ်လွယ် လုပ်ရပ်တွေ လုပ်ကြတဲ့ ကလပ်အသင်းတွေကို ကျွန်တော်ဖြင့် ဘယ်လိုမှ နားလည်ပေးလို့ မရဘူး။ ကစားသမား တစ်ယောက်ကို ပေါင် သန်း ၈ဝ လောက်သုံးပြီး ခေါ်၊ ပြီးတော့မှ အငှား ပြန်ထုတ်တာမျိုးတွေပေါ့။ ” လို့ တန်ဟက်နဲ့ ဆန်ချိုတို့ ဖြစ်ရပ်ကို ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်ထံ အငှား ပြန်သွားကစားရာမှာတော့ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနေပြီး ဒေါ့မွန် ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက်နိုင်အောင်လည်း ကူညီအစွမ်းပြထားပါတယ်။