မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို စီမံခွင့်ရထားတဲ့ INEOS အဖွဲ့ဟာ ပြည်တွင်းပြိုင်ဘက် အသင်းကြီးတွေ နည်းတူ အိုင်ဒီယာအသစ်၊ ဗျူဟာသစ်တွေနဲ့ အသွင်ကူးပြောင်းမှု လုပ်ဆောင်လာနေပါပြီ။
ဆာဂျင်ရက်ကလစ်က အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်း ကျင့်သုံးရမယ့် အချက် (၅) ချက်ကို အသိပေးထားပြီဖြစ်ကာ ဒါဟာ လီဗာပူးအသင်းကို အမေရိကန်ပိုင်ရှင်တွေဖြစ်တဲ့ FSG ဝင်ရောက်လာပြီးနောက် ပြောင်းလဲခဲ့တဲ့ ဗျူဟာ၊ စီမံမှုနဲ့ ခပ်ဆင်ဆင်ပဲဖြစ်ပါတယ်။
ဆာ ဂျင် ရက်ကလစ် ချမှတ်လိုက်တဲ့ ဗျူဟာ (၅) ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁ – အသက် ၂၅ နှစ်ထက် ပိုကြီးတဲ့ ကစားသမား မခေါ်ရ။
၂ – နာမည်ကြီး ကစားသမား မခေါ်ရ။
၃ – ကစားဟန်ကို နည်းစနစ်ဒါရိုက်တာ စီမံမည်။
၄ – မန်နေဂျာက လိုအပ်တဲ့ နေရာအတွက် တောင်းဆိုပိုင်ခွင့်ရှိပြီး ဘယ်ကစားသမား ခေါ်ယူပေးပါလို့ နာမည်တပ် တောင်းဆိုခွင့် မရှိ။
၅ – မန်နေဂျာ လိုအပ်တဲ့ နေရာတိုင်းအတွက် ယူနိုက်တက်ဘက်က ကစားသမား ၃ ဦး စာရင်းတင်ပြကာ ရွေးချယ်ခွင့် ပေးမည်။
အပြောင်းအရွှေ့ စီမံမှု ဗျူဟာတွေ အပြင် ရက်ကလစ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဝန်ထမ်းတွေကိုလည်း စည်းကမ်းပိုင်း ပြန်လည် ကြပ်မတ်နေပြီ ဖြစ်ပါတယ်။
အရင်လို Work From Home ခွင့်ပြုတော့မှာ မဟုတ်ဘဲ မန်ချက်စတာ ဒါမှမဟုတ် လန်ဒန် သို့ ရုံးထိုင် လာ အလုပ်လုပ်ဖို့နဲ့ မလုပ်နိုင်တဲ့သူတွေကို အလုပ်ထွက်စာ တင်ဖို့ အသိပေးထားပြီ ဖြစ်ပါတယ်။ အလုပ်ထွက်စာ တင်သူတွေဟာ လျော်ကြေးငွေလည်း ရရှိသွားဦးမှာပါ။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ ဝန်ထမ်း အင်အား အများဆုံး အဖြစ် ၁၂ဝဝ လောက် ခန့်ထားတာ ဖြစ်ပါတယ်။