ချယ်ဆီး အသင်းက နည်းပြ အပြောင်းကြမ်းလွန်းတာကို နှုတ်ဆက်ပါတီမှာ ထည့်ပြောသွားတဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်းကနေ နှုတ်ထွက်သွားပြီဖြစ်တဲ့ နည်းပြ ယာဂင် ကလော့ပ်က သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်ပါတီမှာ ချယ်ဆီးအသင်းပိုင်ရှင်တွေနဲ့ လီဗာပူးပိုင်ရှင်တွေကြား နှိုင်းယှဉ်မှု ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေက ကလပ်ပိုင်ရှင် FSG ရဲ့ အသင်းအပေါ် ဘဏ္ဍာရေး ထောက်ပံ့မှု အားနည်းခြင်းအပေါ် မေးခွန်းထုတ်ရာမှာ ကလော့ပ်က ချယ်ဆီး ပိုင်ရှင်တွေထက်စာရင် တော်သေးကြောင်းနဲ့ နည်းပြကို အခွင့်အရေး ပေးတတ်သူတွေလို့ ထောက်ပြခဲ့တယ်။

ကလော့ပ်ကပဲ တော့ဘိုးလီတို့လို ပိုင်ရှင်တွေ လီဗာပူးအသင်းပိုင်ရှင် ဖြစ်နေခဲ့ရင် သူလည်း ၁ ရာသီပဲ ခံလိမ့်မယ်လို့ ဟာသဖောက်သွားပါတယ်။

ကလော့ပ်က ” ကျနော်တို့ ပိုင်ရှင်တွေက FSG ဖြစ်နေပြီး လန်ဒန်ကလပ်ကို ဝယ်ယူခဲ့သူတွေ မဟုတ်ခြင်းအတွက် ပျော်နေသင့်ပါတယ်။ သူတို့နဲ့ဆိုရင် ကျနော်လည်း လီဗာပူးမှာ ၁ ရာသီတောင် ခံမှာ မဟုတ်ပါဘူး။

ချယ်ဆီးက ဘောလုံးကို ကောင်းကောင်းကစားနေပြီလို့ လူတိုင်းက ထင်မြင်လာပြီး နောက်ဆုံးတော့ ချယ်ဆီး ပြန်လာပြီပေါ့ .. လို့ တွေးမိတုန်း ရှိသေးတယ်။ သူတို့က မန်နေဂျာကို ရာထူးကနေ ထုတ်လိုက်ပြန်ပါတယ်။

ကျနော်တို့ ပိုင်ရှင်တွေက အသင်းအတွက် တာဝန်ရှိတယ်လို့ ခံစားမိကြပါတယ်။ သူတို့က ကမ္ဘာ့အကောင်းဆုံး ပိုင်ရှင်တွေလားဆိုရင်တော့ မသိပါဘူး၊ မပြောတတ်ပါဘူး။ ဒါပေမယ့် သူတို့က ကြိုးစားပါတယ်။ ကျနော်ကို ထောက်ပံ့ပေးမှုလည်း လုပ်ပေးခဲ့ကြပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

တော့ဘိုးလီတို့ လက်ထက် ၁ ရာသီ ၁ ဦးနှုန်း ပြောင်းနေတဲ့ ချယ်ဆီးမန်နေဂျာ ရာထူးအတွက် နောက်ဆုံး ဆက်ခံသူကတော့ လက်စတာနည်းပြ မာရက်စကာ ဖြစ်မယ်လို့ သိထားရပါတယ်။