မာရက်စ်ကာ ခေတ်သစ် အတွက် ငယ်ရွယ် ဈေးချိုတဲ့ ဂိုးသမားသစ် ခေါ်ဖို့ တွေ့ထားပြီ ဖြစ်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာ ခေတ်သစ် အတွက် နောက်ထပ် ဂိုးသမားသစ် တစ်ဦး ခေါ်ယူဖို့ ရှိနေပြီး အသက်ငယ်ငယ်၊ တန်ကြေး ချိုချိုနဲ့ ရနိုင်မယ့် ဂိုးသမားကောင်း တစ်ဦးလည်း ချိန်ရွယ်ထားပြီဖြစ်ပါတယ်။

စပိန်ဘက်က သတင်းတွေ အဆိုအရ ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ်အသင်းမှ ဂိုးသမား Filip Jorgensen ကို ပစ်မှတ်ထားနေတယ် လို့ သိရပါတယ်။

ချယ်ဆီးက ဗီလာရီးရဲလ်ထံ ကနဦး ချဉ်းကပ် မေးမြန်းထားပြီ ဖြစ်ပြီး ကစားသမားကို ခေါ်ယူရေး ဘယ်လို အချက်တွေ ရှိမလဲ ဆွေးနွေးထားပါတယ်။

အသက် ၂၂ နစ် အရွယ် ဂိုးသမားလေးကို ဒီနွေမှာ ပေါင် သန်း ၂ဝ လောက်နဲ့ ခေါ်ယူနိုင်မယ်လို့ ချယ်ဆီးက တွက်ထားပြီး Jorgensen ကို ရဖို့ ပရီးမီးယားလိဂ် အခြား ကလပ်တွေ ဖြစ်တဲ့ နယူးကာဆယ်၊ ဝုဗ် တို့နဲ့တော့ ယှဉ်ပြိုင် ရမှာပါ။

Jorgensen က ပြီးခဲ့တဲ့ ရာသီမှာ ဗီလာရီးရဲလ် အတွက် ၃၇ ပွဲ ကစားပြီး ၆၄ ဂိုး ပေးထားကာ clean sheet ၆ ပွဲပဲ ရထားပါတယ်။

ဒါပေမယ့် ချယ်ဆီး ကင်းထောက်တွေကတော့ Jorgensen ရဲ့ ဂိုးကန်ချက် ကာကွယ်မှုနဲ့ ဘောလုံး ဖြန့်ဝေတဲ့ စွမ်းရည်တွေကို အထင်ကြီး သဘောကျနေကြပါတယ်။

ချယ်ဆီးဟာ ဗီလာရီးရဲလ်နဲ့ ကောင်းမွန်တဲ့ မိတ်ဖက် ဖြစ်ပြီး ပြီးခဲ့တဲ့ နွေတုန်းကလည်း နီကိုးလပ်စ် ဂျက်ဆန် ကို ခေါ်ယူခဲ့ပါသေးတယ်။