ဂိုးရှေ့မှာ ဖြုန်းတီးလွန်းတဲ့ တိုက်စစ်မှုးကြောင့် အစားထိုးဖို့ ပစ်မှတ်သစ် ရှာဖွေနေပြီ ဖြစ်တဲ့ လီဗာပူး

လီဗာပူး အသင်းဟာ ဒီနွေမှာ တိုက်စစ်ပိုင်းကို အင်အား ချဲ့လိုနေပြီး အဆုံးသတ်ညံ့လွန်းနေတဲ့ ဒါဝင် နူးညက်စ် နေရာမှာ အခြားသော တိုက်စစ် သမား ၁ ဦးဖြင့် အစားထိုးဖို့ ရည်ရွယ်လာနေပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ ဒါဝင် နူးညက်စ်က ကိုယ်တိုင် ၁၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်နိုင်ခဲ့ပေမယ့် အပိုင် ဂိုး အခွင့်အရေးပေါင်း များစွာကို ဖြုန်းတီးသူအဖြစ် ဝေဖန်မှုတွေ ရရှိနေဆဲပါ။

လီဗာပူးနည်းပြသစ် အာနယ် ဆလော့ဟာ ဒါဝင် နူးညက်စ်ရဲ့ နေရာမှာ အက်စတွန်ဗီလာ တိုက်စစ်မှူး ဝတ်ကင်နဲ့ အစားထိုး လိုနေပါတယ်။ အင်္ဂလန် လူစာရင်း အတွက် ရွေးချယ်ခံထားရတဲ့ ဝတ်ကင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ မပါဘဲ ၁၉ ဂိုး သွင်းခဲ့သလို ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၀ အတွက် ပါဝင် ပတ်သက်ခဲ့သူပါ။

အက်စတွန်ဗီလာကလည်း ချန်ပီယံလိဂ် ဝင်ထားတာမို့ ဝတ်ကင်ကို ခေါ်ယူဖို့ရာ လီဗာပူးအတွက် ခက်ခဲဖွယ်ရှိတယ်။ ဒါပေမယ့် ပုံမှန် ပွဲကစားခွင့်ရနိုင်ချေက အင်္ဂလန်သားကို ဆွဲဆောင်မှုလည်း ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဒါဝင် နူးညက်စ်၊ မိုဆာလာ၊ လူးဝစ် ဒီယက်ဇ်တို့ထဲက ၁ ဦးကို ရောင်းချနိုင်ကြောင်း သတင်းကြီးတွေ ထွက်ပေါ်ထားပြီး တရားဝင် ကိစ္စတွေတော့ ရှိမလာသေးပါဘူး။

နည်းပြသစ်နဲ့အတူ စိန်ခေါ်မှုအသစ်တွေကို စတင်ရမယ့် လီဗာပူးအသင်းဟာ နွေဈေးကွက် အစောပိုင်းမှာတင် အပြောင်းအရွှေ့ ကိစ္စတွေကို အပြတ်ဖြတ်ထားလိုမှာ ဖြစ်ပါတယ်။