စနေနေ့ ကန်မယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ မှာ ရီးရဲလ်မက်ဒရစ် အဓိက အသင်းသား တစ်ဦး မပါနိုင်တော့တဲ့ သတင်းဆိုး

လာမယ့် စနေနေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် မှာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် ကတော့ သတင်းဆိုး တစ်ခု ရင်ဆိုင်ခဲ့ရပါတယ်။

ကလပ်ရဲ့ ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အောင်မြင်ရေး ပြိုင်ဆိုင်မှုမှာ ဒီရာသီ ရီးရဲလ်မက်ဒရစ်အတွက် အဓိကကျတဲ့ အသင်းသား တစ်ဦး ပါဝင်သွားနိုင်မှာ မဟုတ်ကြောင်း သေချာခဲ့ပါပြီ။

ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင်ဟာ အဖျားကြောင့် ဖိုင်နယ်ပွဲကနေ နှုတ်ထွက်သွားရပြီဖြစ်ကာ အင်္ဂလန်ကို ရောက်လာမယ့် လူစာရင်းအတွက် ပါဝင်မှာ မဟုတ်ကြောင်း သေချာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် လူနင်ဟာ သီးသန့်ခရီးစဉ်နဲ့အတူ ဝင်ဘာလေကို လာရောက်ကာ အသင်းဖော်တွေ ယှဉ်ပြိုင်ကစားမယ့် ဖိုင်နယ်ပွဲကိုတော့ တက်ရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ACL ဒဏ်ရာရထားတဲ့ ကော်တွိုက်စ်နေရာ အစားဝင်ပြီး လူနင်က အံ့ဖွယ် လက်စွမ်းတွေ ပြသခဲ့တာပါ။

တကယ်တမ်းမှာ ချယ်ဆီးကနေ ကီပါကို အငှားခေါ်ယူကာ ရာသီစက သုံးခဲ့သေးပေမယ့် လူနင်ကပဲ နံပါတ် ၁ နေရာကို ပိုင်ဆိုင်လာခဲ့ပါတယ်။

ဖိုင်နယ်မှာတော့ နည်းပြအန်ဆယ်လော့တီဟာ ဒဏ်ရာက ပြန်သက်သာလာပြီး ပွဲကစားမှုတွေ လုပ်ပေးထားနိုင်တဲ့ ကော်တွိုက်စ်ကို ပွဲထွက်ဂိုးသမားအဖြစ် သုံးမယ်လို့ သတင်းထွက်နေပါတယ်။