ဘရာဇီး ဂန္တဝင်ကြီးဖြစ်သလို ဥရောပ ချန်ပီယံလိဂ် ချန်ပီယံဟောင်းလည်းဖြစ်တဲ့ ရီဗယ်ဒိုက ဒီအပတ်မှာ ယှဉ်ပြိုင်ကစားကြမယ့် ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ဖိုင်နယ်ကနေ ဗိုလ်စွဲစေချင်တဲ့၊ သူသဘောကျတဲ့ အသင်းကို ထုတ်ဖော်လိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ဘိုင်ယန်ကို ကျော်ဖြတ်ပြီး ဖိုင်နယ်ကို တက်ရောက်လာကာ ချန်ပီယံဖြစ်မယ် ရေပန်းစားနေပေမယ့် ဒေါ့မွန်ကလည်း ပီအက်စ်ဂျီလို အသင်းကောင်းကို အနိုင်ယူပြီး ဖိုင်နယ် တက်လာခဲ့တာပါ။
ရီဗယ်ဒိုက ကတော့ ဥရောပ ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ထားတဲ့ ရီးရဲလ်က ဒီနှစ်မှာတော့ နောက်ကောက်ချ ခံရမယ် လို့ မျှော်လင့်နေပါတယ်။
ရီဗယ်ဒိုက ” ရီးရဲလ်မက်ဒရစ်ကတော့ ဖိုင်နယ်မှာ အနိုင်ရဖို့ ရေပန်းစားပါလိမ့်မယ်။ အရင်အပတ်တွေကပဲ ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် vs ဒေါ့မွန် တွေ့မယ်လို့ ကျနော် ခန့်မှန်းခဲ့တော့ ဖိုင်နယ်အတွဲအတွက် မှန်းတာက မှန်ခဲ့တယ်။
ဒါပေမယ့် ကျနော်က ချန်ပီယံဟာ ဒေါ့မွန်ဖြစ်မယ်လို့လည်း ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ရေပန်းစားပေမယ့် ဒေါ့မွန်ကလည်း ယုံကြည်ချက်တွေနဲ့ ဖိုင်နယ်ကို ရောက်လာတာပါ။
ဒီပြိုင်ပွဲမှာ ဘယ်လိုကစားရမယ်ဆိုတာ ဒေါ့မွန်တို့ သိပါတယ်။ ခက်ခဲတဲ့ပွဲတွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သူတို့ သိပါတယ်။ ဒါကိုလည်း ပီအက်စ်ဂျီနဲ့ ၂ ကျော့လုံးမှာ ကျနော်တို့ မြင်ထားရပြီးပါပြီ။
ရီးရဲလ်မက်ဒရစ်က ဖိုင်နယ်မှာ ရေပန်းစားအသင်းဖြစ်ပေမယ့် ကျနော်ကတော့ ဒေါ့မွန်ကပဲ ချန်ပီယံအသင်းဖြစ်သွားမယ် ထင်မိပါတယ် ” လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။