ဒေါ့မွန် – ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ ဘယ်လို ရလဒ် ထွက်မလဲ ပေါမာဆန်ကတော့ ဟောကိန်းထုတ်ပါပြီ

စနေနေ့ညမှာတော့ ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ဝင်ဘာလေ ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားကြတော့မှာပါ။

ဘောလုံးပွဲ ဝါရင့် သုံးသပ်သူ၊ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒေါ့မွန် – ရီးရဲလ် မက်ဒရစ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ပေါမာဆန်က – ” ကျွန်တော်ကတော့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ ဒေါ့မွန်ထက် ရီးရဲလ်မက်ဒရစ်ကို အလေးပေးရမှာပါပဲ။ ဘောလုံးပွဲ တစ်ပွဲမှာ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုပေမယ့် ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ် ပါလာရင် ရှောင်လွှဲလို့ မရတဲ့ ကံကြမ္မာ တစ်ရပ်က ရှိနေသလိုပါပဲ။

သူတို့ဟာ သူတို့ရဲ့ အစွမ်း ဘယ်လောက် ရှိသလဲ ကွာတားဖိုင်နယ်မှာ မန်ချက်စတာ စီးတီးနဲ့ တွေ့ပြီး အစမ်းသပ် ခံခဲ့ပြီးပါပြီ။ ဒါ့အပြင် ဆီမီးဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ခဲ့ပါတယ်။ သူတို့ ဘိုင်ယန်နဲ့ ဒုတိယ အကျော့မှာ ခံလိုက်ရပြီ ထင်ခဲ့ရသေးတာပါ။ ဒါပေမယ့် အဆုံးအဖြတ် အချိန်တွေမှာပဲ Joselu ထွက်လာပြီး လုံးဝ နိုင်ပွဲ ရယူသွားတော့တာ။ မယုံနိုင်စရာကြီးပဲ မဟုတ်လား။

သူတို့က ဘောလုံးပွဲတွေ နိုင်ဖို့ ကောင်းကောင်းကြီး ကစားဖို့ မလိုဘူး ဖြစ်နေတယ်။ နှစ်တွေနဲ့ ချီပြီး ဒီလိုပွဲမျိုး သူတို့ ကစားခဲ့တဲ့ အတွေ့အကြုံက အရေးအကြောင်းဆို သီသီလေး ကပ်နိုင်အောင် လုပ်နိုင်ပါတယ်။

တိုနီ ခရူးစ်ကတော့ ယူရို ၂၀၂၄ ပြီးရင် အနားယူမယ် ကြေညာလိုက်တာကြောင့် ဒီသီတင်းပတ်တွေ အတွင်း သတင်း ခေါင်းစီး ဖြစ်ခဲ့ပါတယ်။ သူ့ အနားယူမှု နောက်ဆက်တွဲ အားပေး၊ ချီးကျူးစကားတွေကြောင့် သူက ဘယ်လိုတောင် ဂန္တဝင် ကစားသမားလဲ ဆိုတာ ပိုပြီး မြင်သာစေခဲ့ပါတယ်။

နောက်ထပ် ဟိုက်လိုက် လုပ်စရာ ဖြစ်လာမယ့် ကစားသမားက မာကို ရူးစ်ပါ။ သူကလည်း ဒီပွဲဟာ ဒေါ့မွန်နဲ့နောက်ဆုံးပွဲ ဖြစ်ပါတယ်။ ဖိုင်နယ်လို ပွဲတစ်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဖလားလုရမှာက သူ့ အသင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် ဒီပွဲကိုသာ အနိုင်ရအောင် လုပ်နိုင်ရင် သိပ်လှတဲ့ အိပ်ယာဝင် ပုံပြင် တစ်ပုဒ်လို သမိုင်းတွင်မှာပါ။

ဒေါ့မွန်က ဒီဖိုင်နယ်ထိ တက်လှမ်းလာရာမှာ အလေးပေးမှုတွေ သိပ်မခံခဲ့ရပါဘူး။ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီ လို အသင်းနဲ့ တွေ့ခဲ့တယ်။ ဆန်ချိုနဲ့ မက်ဆန် လို ဇန်နဝါရီမှ အငှား ရောက်လာတဲ့ ကစားသမား နှစ်ယောက်က ဒေါ့မွန် အတွက် မယုံနိုင်စရာတွေ လုပ်ပေးခဲ့တယ်။

ဘယ်လင်ဟမ်ရဲ့ ဒီရာသီ တိုးတက်လာမှုက ထူးချွန်လွန်းပါတယ်။ သူ့ အဖေနဲ့ အမေရဲ့ အားပေး ပံ့ပိုးမှုတွေကလည်း ထည့်သွင်း အသိအမှတ်ပြုရမှာပါ။ သူ ဘာမင်ဂမ် စီးတီးကနေ ထွက်လာတုန်းက ငွေအများကြီးပေးနိုင်မယ့် ဘယ်လို ကလပ်ကို မဆို သွားနိုင်ပေမယ့် သူတို့ သား ကစားချင်တဲ့ ဘောလုံး ကစားဟန်နဲ့ ကိုက်ညီမယ့် ဒေါ့မွန်ကို ရွေးချယ်ခဲ့တယ်။ အသင်းကို ရွေးချယ်ခဲ့တယ်။

ဒီကလေးက သူနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုကို ခံစားလာရတာပါ။ လူတွေက သူ ကံကောင်းလို့ လို့ ထင်နေကြတယ်။ ဒီနှစ်တွေ အတွင်း ရီးရဲလ်မက်ဒရစ်မှာ အစွမ်းပြနိုင်တဲ့ အင်္ဂလန်သား နည်းနည်းပဲ ရှိပါတယ်။ ဘယ်လင်ဟမ်ကတော့ အသင်းကို စရောက်တည်းက အဓိက ကစားသမား ဖြစ်အောင် အစွမ်းပြတော့တာပဲ။ သူက ထူးချွန်လွန်းတဲ့ ပါရမီရှင်ပါ။

ရီးရဲလ်မက်ဒရစ် လူစာရင်းမှာ တိုက်စစ် အားကောင်းလွန်းတယ်။ ဒါပေမယ့် ဒေါ့မွန်ကလည်း သူတို့ ဝှက်ဖဲနဲ့ သူတို့ ရှိမှာပါ။ ဒီပွဲက အပြန်အလှန် ဖွင့် ကစားမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် တကယ့် ပွဲကြီးမျိုးမှာ ဘယ်လို အလုပ်ပြီးမြောက်အောင် လုပ်ရမလဲ အန်ဆယ်လော့တီနဲ့ သူ့တပည့်ကျော်တွေ သိပါတယ်။ ဒီတော့ ဒီပွဲကနေပဲ သူတို့ရဲ့ ၁၅ လုံးမြောက် ဥရောပဖလား ကိုင်မြှောက်သွားနိုင်မယ် လို့ ကျွန်တော်ကတော့ ထင်တယ်။” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ဒေါ့မွန် ၁-၃ ရီးရဲလ်မက်ဒရစ် ဖြစ်ပါတယ်။