ဒီရာသီအစမှာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံကို ပေါင် ၁၁၅ သန်းဖြင့် ပြောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၂၃ ဂိုး သွင်းခဲ့တဲ့ ဘယ်လင်ဟမ်နဲ့ ပတ်သက်လို့ နည်းပြမော်ရင်ညိုက သုံးသပ်မှု ပြုလုပ်လာခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ ဘလွန်းဒီအောဆု အနိုင်ရဖို့ ရေပန်းစားနေသူ တစ်ဦးဖြစ်ပြီး သူဟာ ဒီရာသီမှာ မက်ဒရစ်ရဲ့ တိုက်စစ်ကို ပိုမို ပါဝင်ကူညီနေရသူပါ။ ဒါပေမယ့် ဒီတာဝန်ကို အမြဲတမ်း ယူခွင့်ရှိမှာ မဟုတ်ကြောင်း သတိပေးခံလာရပါတယ်။
” ဘယ်လင်ဟမ်က နောက်ရာသီ သွင်းဂိုး ပိုနည်းသွားတော့မှာပါ။ “လို့ ညက ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် အနိုင်ရအပြီး မော်ရင်ညို က ထုတ်ပြောသွားပါတယ်။
အထူးသဖြင့် နောက်ရာသီ အမ်ဘာပေ ရောက်လာခြင်းကြောင့် ဘယ်လင်ဟမ်ဟာ ကွင်းလယ် တာဝန်ကို ပြန်ယူရတော့မှာကလည်း သွင်းဂိုးတွေ နည်းပါးမယ့် အကြောင်းရင်းပဲ ဖြစ်ပါတယ်။
” ကစားတဲ့ စနစ်က ပြောင်းလဲနေပါတယ်။ ဘယ်လင်ဟမ်ရဲ့ နေရာကလည်း ပြောင်းသွားဖို့ရှိတယ်။ မက်ဒရစ်က ရိုဒရီဂို၊ အမ်ဘာပေ၊ ဗင်နီးဆီးယက်စ်တို့ကို တိုက်စစ်တင် ကစားမှာပါ။
ကျနော်ထင်တယ် ကားလိုစ့်က ကွင်းလယ်လူ နှစ်ဦးနဲ့အတူ တိုက်စစ်တန်းနောက်က တိုက်စစ်အားသန် ကွင်းလယ်လူအဖြစ် ဘယ်လင်ဟမ်ကို ထားလိမ့်မယ်။
ကွင်းလယ်လူတွေအဖြစ် ဗယ်ဗာဒီ၊ ကာမာဗင်ဂါ၊ ချူအာမန်နီ၊ မိုဒရစ်တို့ ရှိနေပြီး တိုက်စစ်မှာ ရိုဒရီဂို၊ အမ်ဘာပေ၊ ဗင်နီးဆီးယက်စ်တို့ဆိုတော့ သူတို့ကို ရင်ဆိုင်ဖို့က ခက်ခဲပါလိမ့်မယ်။ ” လို့ မော်ရင်ညိုက ဆိုခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မကြာခင်မှာတော့ ပြင်သစ်စတား အမ်ဘာပေကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာလာဖွယ်ရှိနေပါတယ်။