အာဆင်နယ် အသင်းဟာ ဒီနွေ အပြောင်းအရွှေ့မှာ နည်းပြ အာတီတာရဲ့ ပွဲထွက် စာရင်းမှာ နေရာ မရတော့တဲ့ ကစားသမားတွေ အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားကာ ရောင်းချသွားတော့မှာ ဖြစ်တယ်လို့ လန်ဒန် အခြေစိုက် သတင်းဌာနက ဖော်ပြလာပါတယ်။
အာဆင်နယ် ရောင်းချင်တဲ့ ကစားသမား စာရင်းမှာ စမစ် ရိုး ပါဝင်နေပြီး အသက် ၂၃ နှစ် အရွယ် ဂန်းနား ကွင်းလယ် ကစားသမားကို ဖူလ်ဟမ်က စိတ်ဝင်စားနေပါတယ်။
စမစ်ရိုး နဲ့ အတူ အာဆင်နယ်က ဂိုးသမား ရမ်စ်ဒယ်၊ တီယာနေးနဲ့ အန်ကတ်တီးယားတို့ကိုလည်း ရောင်းချချင်နေပါတယ်။
အာဆင်နယ်က ဒီနွေမှာ ကစားသမား ရောင်းချမှုကနေ ငွေထုတ်ကြီးကြီး ပြန်ပိုက်ချင်နေပြီး ဒါမှသာ နောက်ထပ် ထိပ်တန်း ခေါ်ယူမှုတွေ အတွက် အသုံးစရိတ် ပိုများများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဖူလ်ဟမ်ကလည်း စမစ်ရိုး အပြင် အန်ကတ်တီးယားကို စိတ်ဝင်စား ချိတ်ဆက်ထားပါသေးတယ်။ ဂိုးသမား ရမ်စ်ဒယ်ကိုလည်း ပရီးမီးယားလိဂ် ကလပ်တချို့က စိတ်ဝင်စား စောင့်ကြည့်နေပါတယ်။
ပြီးသွားတဲ့ ဘောလုံးရာသီမှာ လူစားဝင် ကစားတဲ့ ၁ဝ ပွဲ အပါအဝင် အာဆင်နယ် အတွက် ၁၃ ပွဲ သာ ကစားထားရတဲ့ စမစ်ရိုးကတော့ ပုံမှန် ပွဲကစားချိန် ရဖို့ ဒီနွေမှာ အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။