အမ်ဘာပေ ရောက်လာတာကြောင့် ဘယ်လင်ဟမ် နေရာပြောင်းပြီး ဖြစ်လာဖွယ် ရှိတဲ့ ရီးရဲလ်မက်ဒရစ် အခင်းအကျင်းသစ်

ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ ကတော့ နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ် ကစားသမားသစ် ဖြစ်လာခဲ့ပြီဖြစ်ကာ မနေ့ကပဲ ရီးရဲလ်မက်ဒရစ်က တရားဝင် ကြေညာသွားခဲ့ပြီး ဘာပေက သူ့ရဲ့ အိပ်မက် တကယ်ဖြစ်လာခဲ့ပြီလို့ ကြွေးကြော်ခဲ့ပါတယ်။

မေးခွန်းတစ်ခုဖြစ်လာတာက အမ်ဘာပေဟာ လက်ရှိ ရီးရဲလ်မက်ဒရစ် ကစားကွက်မှာ ဘယ်နေရာက အံဝင်မလဲ ဆိုတာပါပဲ။ မက်ဒရစ် အခြေစိုက် သတင်းဌာနတွေကတော့ အမ်ဘာပေဟာ လက်ရှိ ကစားကွက်မှာ အထောင်တိုက်စစ်နေရာ ဝင်ယူရမယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နည်းပြအန်ဆယ်လော့တီ လက်ထက်မှာ ၄-၃-၃ ကစားကွက်ကို သုံးပြီး ၂၀၂၂ တုန်းက လာလီဂါနဲ့ ချန်ပီယံလိဂ်တို့ကို အောင်မြင်ခဲ့ဖူးပါတယ်။

ဘန်ဇီမာဟာ တိုက်စစ်ကို ဦးဆောင်ကစားပြီး ရာသီကုန်မှာ ဘလွန်းဒီအောဆုကို အောင်မြင်ခဲ့သေးတာပါ။ အမ်ဘာပေဟာ ပုံမှန် အားဖြင့် နံပါတ် ၉ သမား စစ်စစ် မဟုတ်ဘဲ ဘယ်ခြမ်းကနေ ဘောလုံးရယူကာ တောင်ပံတွေကို အားပြုပြီး ပွဲကို သက်ရောက်မှု ကြီးမားစေသူပါ။

အတိတ်တုန်းက ဘန်ဇီမာနဲ့ ဗင်နီးဆီးယက်စ် အတွဲလိုပဲ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှာ ရိုဒရီဂိုနဲ့ပါ ပေါင်းစပ်ခွင့်ရဖွယ် ရှိပါတယ်။

ဒီရာသီ ရီးရဲလ်ရဲ့ ဂိုးသွင်းဘုရင် ဘယ်လင်ဟမ်ကတော့ ကွင်းလယ်ကို ဆင်းကစားဖွယ်ရှိကာ ချူအာမီနီ၊ ဗယ်ဗာဒီတို့ရဲ့ ရှေ့မှာနေပြီး တိုက်စစ်သမား ၃ ဦးရဲ့ အဓိက အထောက်အပံ့ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။