မန်စီးတီးအသင်းဟာ ၎င်းတို့ရဲ့ တရားစွဲခံထားရတဲ့ ၁၁၅ မှု ကြားနာခြင်း မတိုင်ခင်မှာပဲ ပရီးမီးယားလိဂ်ကို ဥပဒေကြောင်းအရ တပြန် တရားစွဲဆိုလိုက်ပြီဖြစ်ကာ အင်္ဂလန်ဘောလုံးသမိုင်းမှာ မြင်ရခဲ့တဲ့ ထိပ်တိုက်တွေ့မှုမျိုး စတင်လိုက်ပြီဖြစ်ပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုကို ဖောက်ဖျက်ခြင်းကြောင့် ကြီးမားတဲ့ အရေးယူခြင်း ခံရနိုင်ကြောင်း သတိပေးခံထားရကာ ကြားနာမှု ခံယူဖို့ စောင့်ဆိုင်းနေရတာပါ။ အဆိုပါ ကြားနာမှုအား လာမယ့် ဆောင်းရာသီ ဒီ ၂၀၂၄ နှစ်မကုန်ခင်မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။
ဒီလို ပြင်းထန်လာတဲ့ အခြေအနေမှာပဲ မန်စီးတီးအသင်းဟာ ကလပ်ပိုင်ရှင်တွေရဲ့ ဆက်စပ် လုပ်ငန်းတွေနဲ့ ကလပ်အသင်းကြား စီးပွားရေးအရ ဆက်နွယ်မှုတွေကို ထိန်းကွပ်ထားတဲ့ Associated Party Transaction (APT) စည်းမျဉ်းကို အပြီး ဖျက်သိမ်းနိုင်ရေး တရားစွဲမှု စတင်လိုက်တာ ဖြစ်ပါတယ်။
APT စည်းမျဉ်းဟာ ဒီဇင်ဘာ ၂၀၂၁ မှာ စတင် မိတ်ဆက်လာတာ ဖြစ်ပြီး စည်းမျဉ်း ကန့်သတ်ပြီးတဲ့နောက် ပရီးမီးယားလိဂ် အသင်းပိုင်ရှင်တွေရဲ့ ဆက်စပ် လုပ်ငန်းတွေကနေ တဖက်လှည့်နဲ့ ဝင်ငွေရအောင် လုပ်ဖို့ မလွယ်ကူပါဘူး။
မန်စီးတီးရဲ့ ၁၆၅ မျက်နှာပါတဲ့ တရားစွဲဆိုချက်မှာ APT စည်းမျဉ်းဟာ ပရီးမီးယားလိဂ်မှာ အသင်း အများစု အကြိုက် ဖြစ်အောင် မျက်နှာသာပေးတဲ့ ပြင်းထန်တဲ့ စည်းမျဉ်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
APT စည်းမျဉ်း ဖျက်သိမ်းအောင် ပရီးမီးယားလိဂ်ကို မန်စီးတီးက တရားစွဲဆိုတဲ့ ကိစ္စဟာ ဘဏ္ဍာရေး ၁၁၅ ခု ချိုးဖောက်ခြင်း ကိစ္စထက် ပိုစောပြီး လာမယ့် ဇွန် ၁ဝ ရက်နေ့မှာ စတင်ကြားနာမယ် လို့ ရက်လည်း ထွက်လာခဲ့ပါပြီ။
စီးတီးရဲ့ တရားစွဲဆိုမှုကြောင့် ပရီးမီးယားလိဂ် ဥပဒေဌာန အတွက်တော့ ၁၁၅ မှုကို စစ်ဆေး ကြားနာဖို့ကနေ အာရုံလွှဲလာရကာ တရားရေးကိစ္စ ပြင်ဆင်စရာ ဖြစ်လာခဲ့ကြောင်း ဗြိတိန် အားကစားသတင်းထောက်တွေက ဆိုပါတယ်။
ဒီ တရားစွဲဆိုမှုဟာ မန်စီးတီးရဲ့ ဘဏ္ဍာရေး စွဲချက်တင်ခံထားရတဲ့ အမှုတွေ အပေါ်မှာလည်း သက်ရောက်မှု၊ ပြောင်းလဲမှုကြီး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။