ရီးရဲလ်ကိုပဲ ဒိုင်ကူတာ၊ ဘာစီလိုနာက ဒိုင်ကူ မခံရပါဘူး ဆိုတဲ့ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာရဲ့ ပြောစကား

လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းဟာ ဆယ်စုနှစ် ၂ ခုနီးပါး ဒိုင်တွေကို လာဘ်ထိုးကာ ရလဒ်ကောင်းတွေရဖို့ အကူအညီယူထားကြောင်း စွပ်စွဲ ပြောဆိုခံထားတဲ့ အသင်းပါ။

အခုချိန်ထိ အဆိုပါစွဲချက်ကို သက်သေပြစရာ လက်ဆုပ်လက်ကိုင် မရှိထားဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကလည်း စွဲချက်တွေက မှားယွင်းကြောင်း ခုခံနိုင်မယ် ယုံကြည်ချက်ရှိနေပါတယ်။

” ဒိုင်တွေက ရီးရဲလ်မက်ဒရစ်ကိုဆိုရင် အမြဲတမ်း ဘက်လိုက်ပါတယ် ” လို့ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာက စပိန်မီဒီယာတွေကနေ ထုတ်ပြောပါတယ်။

” ကျနော်တို့ ဘာစီလိုနာ အသင်းက ဒိုင်တွေကို ငွေကြေးပေးပြီး ဝယ်ယူတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။ ကျနော်တို့အပေါ် စွပ်စွဲချက်တွေက တရားသေ လွတ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီစွပ်စွဲမှုတွေကို သက်သေပြဖို့ရာ ဘာအထောက်အားမှ မရှိပါဘူး ” လို့ ဘာကာ ဥက္ကဋ္ဌက တုန့်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ဘဏ္ဍာရေး အရှုပ်အထွေးတွေနဲ့အတူ အတိတ်က ဒိုင်တွေကို လာဘ်ပေးမှုတွေ ရှိခဲ့ကြောင်း ဖော်ထုတ်ခံထားရတာပါ။ ဒီအခြေအနေမှာ ပြည်တွင်းပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ ဘောလုံးလောကကို လွှမ်းမိုးထားခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်ကို ယှဉ်ပြိုင်ဖို့ရာ ကွင်းတွင်း ရလဒ်တွေကပါ တည်ငြိမ်မှု မရှိဖြစ်နေတဲ့ ဘာစီလိုနာက ရာသီကုန်မှာ နည်းပြဇာဗီကို ရာထူးက ထုတ်ပယ်ကာ ဟန်ဇီ ဖီလစ်ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။