ပရီးမီးယားလိဂ်ကို တရားစွဲတဲ့ မန်စီးတီး လုပ်ရပ်ကို ပြိုင်ဘက်ကလပ် ၃-၄သင်းက ထောက်ခံနေ

ပရီးမီးယားလိဂ် ကို တရားစွဲတဲ့ မန်စီးတီးအသင်းရဲ့ လုပ်ရပ်ကို ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ် ၃-၄သင်းက ထောက်ခံနေကြောင်း သိရပါတယ်။

ဒေးလီးမေးလ် သတင်း အဆိုအရ ကလပ်အသင်းပိုင်ရှင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကန့်သတ်တဲ့ စည်းမျဉ်း ဖျက်သိမ်းအောင် မန်စီးတီးက ပရီးမီးယားလိဂ် အား တိုက်ရိုက် တရားစွဲလိုက်တဲ့ လုပ်ရပ် အပေါ် ချယ်ဆီး၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် အသင်းတို့က ထောက်ခံ အားပေးနေတယ် လို့ သိရတာပါ။

ဒါ့အပြင် မာဆေးဆိုဒ် ဒေသခံ ကလပ် အဲဗာတန် အသင်းကလည်း ထောက်ခံတဲ့ဘက်က ရှိကြောင်း သတင်း အချို့ကလည်း ဆိုပါတယ်။

ကလပ်အသင်း ပိုင်ရှင်တွေဟာ သူ့အသင်းနဲ့ သူပိုင် စီးပွားရေး လုပ်ငန်းတွေကြား စပွန်ဆာပေးတဲ့ ကိစ္စတွေ မလုပ်နိုင်အောင် တင်းကြပ်ထားတဲ့ APT စည်းမျဉ်းကို ကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေကတော့ မလိုလားကြပါဘူး။

ချယ်ဆီးအသင်းက APT စည်းမျဉ်းကို ဆန့်ကျင်ကြောင်း စာ ထုတ်ထားခဲ့သလို ဗီလာရဲ့ ပူးတွဲပိုင်ရှင် အီဂျစ် ဘီလျံနာ Nassef Sawiris ကလည်း မန်စီးတီး အသင်း ဥက္ကဌ မူဘာရက်နဲ့ သဘောထားချင်း တူကာ ပရီးမီးယားလိဂ် ကို အမျက်ထွက်နေတာပါ။

ဒီတလော မဲပေးမှုတွေကနေ ထိခိုက်မှုခံထားရတဲ့ နယူးကာဆယ် အသင်းကလည်း စီးတီးရဲ့ တရားစွဲမှုသာ အောင်မြင်ရင် သူတို့အတွက် အောင်ပွဲလို့ ခံယူထားကာ ဆော်ဒီ နောက်ခံ အသင်းပိုင်ရှင်တွေ အတွက် သတင်းကောင်း စောင့်မျှော်နေကြပါတယ်။

အခြားတဖက်မှာလည်း ကလပ်အသင်း ၁ဝ သင်းကနေ ၁၂ သင်းလောက်ဟာ ပရီးမီးယားလိဂ်ရဲ့ APT စည်းမျဉ်းကို သဘောကျ ထောက်ခံနေကြပါတယ်။ အဲဒီအသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ ဝုဗ်၊ ဘရိုက်တန်၊ တော့တင်ဟမ်တို့ ပါဝင်ပါတယ်။

ကလပ် အသင်း တချို့က တရားဝင် စာပို့ ထောက်ခံမှုတွေ ရှိသလို တချို့ အသင်းတွေက သက်သေ အဖြစ် statements ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။