ပရီးမီးယားလိဂ်ရဲ့ အရှုံးအမြတ် စည်းမျဉ်း PSR နဲ့ ကိုက်ညီမှု စစ်ဆေးရမယ့် ကာလ မတိုင်ခင် အဖြစ် ဒီလကုန် ဇွန် ၃ဝ မတိုင်ခင်မှာ ကစားသမား ရောင်းချ၊ ဝင်ငွေပြရတော့မယ့် ပရီးမီးယားလိဂ် ကလပ်အသင်း ၆ သင်း ထိ ရှိနေပါတယ်။
အဲဒီကလပ်အသင်းတွေကတော့ ချယ်ဆီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ အဲဗာတန်၊ နော်တင်ဟမ် ဖောရက်စ်နဲ့ လက်စတာစီးတီး တို့ ဖြစ်ပါတယ်။
ဒီ ၆ သင်းဟာ ဝင်ငွေ၊ ထွက်ငွေ စည်းမျဉ်းနဲ့ ကိုက်ညီနေအောင် ကစားသမား မဖြစ်မနေ ရောင်းချရတော့မယ့် ဖိအားတွေ ရှိနေပြီ ဖြစ်ပါတယ်။
တကယ်လို့ ၂၀၂၃-၂၄ ဘောလုံးရာသီ ဘဏ္ဍာရေးနှစ် အတွက် အရှုံးအမြတ် ဝင်ငွေစာရင်း ပိတ်ချိန်မှာ ဟန်ချက် မညီရင် ကလပ်အသင်းတွေဟာ နောက်ဆက်တွဲ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
အဲဒီလို ပြစ်ဒဏ်တွေထဲမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ ကြုံခဲ့သလို ပြင်းထန်တဲ့ အမှတ်လျှော့ ပြစ်ဒဏ် ဒါမှမဟုတ် ကြီးမားတဲ့ ဒဏ်ကြေးတွေ ပေးရဖို့ ပါဝင်ပါတယ်။
ဒါကြောင့် ဇွန် ၃ဝ ဟာ ပရီးမီးယားလိဂ် ကလပ်တွေ အတွက် transfer deadline အသေးစားလေး အဖြစ် ရှုမြင်ပြီး စည်းမျဉ်းငြိနေတဲ့ ကလပ် ၆ သင်းဟာ ကစားသမား ရောင်းထုတ်မှုတွေ ပြုလုပ်ရတော့မှာပါ။
ချယ်ဆီးအသင်းအနေနဲ့လည်း ဘယ် ကစားသမားကို ရောင်းထုတ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။