ကျနော်က နှိမ့်ချတတ်သူပါ၊ ဒါပေမယ့် အခုတော့ ဗန်ဒိုက် လောက် စွမ်းဆောင်နိုင်နေပြီ ပြောရမယ် ဆိုတဲ့ ဂန်းနား နောက်ခံလူ ဆာလီဘာ

အာဆင်နယ်အသင်းရဲ့ ပြင်သစ်သား ခံစစ်မှူး ဆာလီဘာက သူဟာ ဒီနှစ်တွေအတွင်းမှာ အများကြီး တိုးတက်လာနေပြီး ဥရောပ အကောင်းဆုံး ကစားသမား ဆုရှင်ဟောင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဗာဂျေး ဗန်ဒိုက်လောက် နီးနီး အနေအထားကို ရောက်လာနေပြီလို့ ကြွေးကြော်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဆာလီဘာဟာ အာဆင်နယ်နဲ့အတူ ထွန်းတောက်လာနေခဲ့သူပါ။ သူဟာ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက ၁ ဦးအဖြစ် ရှိနေခဲ့သူ ဖြစ်ပါတယ်။

ဒီနွေ ပြင်သစ်အသင်းနဲ့ အတူ ယူရိုပြိုင်ပွဲ ပါဝင်ဖို့ ရှိနေတဲ့ ဆာလီဘာက သူ့ အရည်အသွေးကို အခုလိုပဲ ကြွေးကြော်လိုက်ပါတယ်။

“ ကျနော်က နှိမ့်ချတတ်တဲ့ လူတစ်ဦးပါ။ ဒါပေမယ့် မနှစ်ကနဲ့ ဒီနှစ်တွေအပြီးမှာ ကျနော်ဟာ အကောင်းဆုံး ခံစစ်မှူး ၃ ဦး စာရင်းထဲ ပါဝင်လာပြီ ထင်ပါတယ်။

ပိုမြင့်တဲ့ အနေအထားကို ရောက်လာဖို့ အာရုံစိုက်ပြီး ကျနော် ကိုယ်လုပ်ရမှာတွေ လုပ်နေဆဲပါ။ တစ်ရာသီလုံး ခြေစွမ်း တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့တာပါ။ ကျနော်က စကားတွေ အများကြီး ပြောတဲ့သူ မဟုတ်ပေမယ့် စကားတွေ ပိုပို ပြောလာရပါတယ်။

ကျနော် တိုးတက်လာအောင် ကြိုးစားနေတယ်။ အာဆင်နယ် ခံစစ်ပိုင်းမှာ ကျနော်က ခေါင်းဆောင် တစ်ယောက်ပါပဲ။ ဥပမာဗျာ- ဗန်ဒိုက်ဆိုရင် ခံစစ်ပိုင်းမှာ ဩဇာရှိတဲ့သူ။ သူက ဆရာကြီးပဲ၊ အရာအားလုံးကို အမိန့်ပေးနိုင်စွမ်းရှိတဲ့သူပါ။

ဗန်ဒိုက် ဆိုတာနဲ့ တိုက်စစ်သမားတွေက ကြောက်ရပါတယ်။ ကျနော်ကိုလည်း အဲ့လိုဖြစ်လာပြီလို့ ထင်မိတယ်။ ပြိုင်ဘက် တိုက်စစ်မှူးတွေက ကျနော်ကို စတင်ပြီး ကြောက်ရွံ့လာနေကြပါပြီ ” လို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ပြင်သစ် လက်ရွေးစင်အသင်းမှာ ဆာလီဘာလည်း ရွေးချယ်ခံထားရပြီး သူဟာ ဒီပြိုင်ပွဲမှာ ထွန်းတောက်လာမယ့် ကစားသမား ဖြစ်လာမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။