တန်ကြေးကြီး ကစားသမား ခေါ်ယူမှု တစ်ခုကို ဇွန် ၃ဝ မတိုင်ခင် ပြုလုပ်နိုင်ဖို့ ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဇွန်လ မကုန်ခင်မှာ ပေါင် ၇၅ သန်း တန် အပြောင်းအရွှေ့ကြီး တစ်ခုကို အပြီးသတ်နိုင်ဖို့ များနေပါတယ်။

ဝါရင့် နောက်ခံလူကြီး ဗာရန်း ထွက်ခွာသွားတဲ့နောက် ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူးသစ် တစ်ဦးကို ဒီနွေဈေးကွက်မှာ ခေါ်ယူဖို့ ရည်ရွယ်ကာ ရှာဖွေ ချိတ်ဆက်နေတာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့တဲ့ အဲဗာတန်အသင်းရဲ့ အင်္ဂလန်သား ခံစစ်မှူး ဘရိတ်ဝိတ်ကို မန်ချက်စတာကလပ် တာဝန်ရှိသူတွေက သဘောကျနေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အဲဗာတန်ဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် ၈ မှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတယ်။ ဒါ့အပြင် ဒီ ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် သူတို့ရဲ့ ဘဏ္ဍာရေး ဟန်ချက်ကို ထိန်းညှီဖို့ရာ ဖိအားတွေက ထပ်ရှိနေဆဲလို့ သိရပါတယ်။

အဲဗာတန်ရဲ့ အခြေအနေကို အခွင့်အရေးယူပြီး ယူနိုက်တက်က အသက် ၂၁ နှစ် အရွယ် ခံစစ်မှူး ဘရိတ်ဝိတ်ကို ခေါ်ယူဖို့ အားထုတ်မှာဖြစ်ပါတယ်။

အဲဗာတန်က ခံစစ်မှူး ဘရိတ်ဝိတ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း အလိုရှိနေပြီး ယူနိုက်တက်ဘက်ကတော့ အဲဒီထက် သက်သာတဲ့ ပမာဏနဲ့ ခေါ်နိုင်မယ်လို့ မျှော်လင့်နေတယ်။

ယူနိုက်တက်ဟာ နည်းပြတန်ဟက်ကို ဆက်ထား မထား မကြေညာလာသေးပေမယ့် ကလပ်ရဲ့ အုပ်ချုပ်မှုကို ပြင်ဆင် ဖွဲ့စည်းထားသလို အပြောင်းအရွှေ့ ပေါ်လစီတွေကိုပါ ပြင်ဆင် ချမှတ်လာနေတာပဲ ဖြစ်ပါတယ်။