နွေဈေးကွက်မှာ လက်သွက်နေတဲ့ ချယ်ဆီးကတော့ နောက်ထပ် ကစားသမား ၂ ဦးကို ခေါ်ဖို့ သဘောတူညီမှု ရပါပြီ

ချယ်ဆီးအသင်းဟာ ဒီနွေဈေးကွက် အပြောင်းအရွှေ့မှာလည်း လက်သွက်နေပြီး ကစားသမား နှစ်ဦးကို ရှေ့ဆင့် နောက်ဆင့် ဆိုသလို သဘောတူညီမှု ရထားခဲ့ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။

နွေ ပထမဆုံး ခေါ်ယူမှု အဖြစ် ချယ်ဆီးက ဖူလ်ဟမ်အသင်းကနေ အလွတ်ဖြင့် ထွက်ခွာလာတဲ့ တိုဆင်ကို ခေါ်ယူထားခဲ့သလို နောက်ထပ် ပစ်မှတ်တွေကိုလည်း ရရှိတော့မှာပါ။

ချယ်ဆီးဟာ စီးရီးအေ ကလပ် Sport Recife အသင်းထံမှ ဘရာဇီး ကြယ်ပွင့်လေး ပီဒရို လီမာကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီလို့ နာမည်ကြီး သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို ၇ သန်း + ထပ်ဆောင်းကြေး ၃သန်းခွဲ ဖြစ်ပါတယ်။

လီမာက ချယ်ဆီးထံ တခါတည်း ပူးပေါင်းမှာ မဟုတ်ဘဲ လီဂူးဝမ်း ကလပ် Strasbourg မှာ အရင် ကစားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လီမာ အပြင် ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းမှ အသက် ၂၀ အရွယ် ကိုလံဘီယာ တိုက်စစ်မှူး ဒူရမ်အား ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရတော့မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၇ လတုန်းကမှ ဗီလာကို ပေါင် ၁၈ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဒူရမ်ကို ချယ်ဆီးအသင်းက ပေါင် ၄၂ သန်းပေးပြီး ခေါ်ယူတော့မှာပါ။ သူဟာ နည်းပြသစ် မာရက်စကာအတွက် ဂျက်ဆန်နဲ့အတူ တွဲသုံးနိုင်မယ့် တိုက်စစ်သမားသစ် ဖြစ်လာပါမယ်။

အပြန်အလှန်အားဖြင့် အက်စတွန်ဗီလာဟာ ချယ်ဆီးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ကွင်းလယ်လူ ဂါလယ်ဂါကို ခေါ်ယူနိုင်ဖို့ စကားပြောနေပါတယ်။ ချယ်ဆီးဘက်က အင်္ဂလန်သား ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပြန်ရဖွယ် ရှိနေပါတယ်။

နှစ်သင်းကတော့ အပြောင်းအရွှေ့ ကိစ္စတွေကို သီးခြားတွေအဖြစ်ပဲ လုပ်ဆောင်ကြမှာဖြစ်ကာ ကစားသမား အလဲအထပ်ဖြင့် ထွက်ခွင့်ပေးတာမျိုးတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

ချယ်ဆီးနဲ့ အက်စတွန်ဗီလာတို့ဟာ ဒီနှစ်တွေအတွင်း ဆက်ဆံရေးကောင်း တည်ဆောက်ထားကြပြီး ၂၀၂၂ တုန်းက ချူကွာမီကာကို ချယ်ဆီးအသင်းထံ ရောင်းထုတ်ပေးခဲ့ဖူးတာဖြစ်ပါတယ်။