သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ စပိန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသင်းအတွက် ထိခိုက်နိုင်တဲ့ ကစားသမား ရွေးချယ်မှုမျိုး ကို လုပ်လာခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။
စပိန် လက်ရွေးစင် အသင်းဟာ ဘယ်အစွန်နေရာအတွက် ချယ်ဆီးအသင်းမှ ကူကူရယ်လာကို ရွေးချယ်လာခဲ့ကာ သူနဲ့ဆိုရင် စပိန် အသင်း ယူရိုပြိုင်ပွဲ မှာ အောင်မြင်ဖွယ် မရှိဘူးလို့ကို ဂယ်ရီနဗီး က ပြောဆိုခဲ့တာပါ။
စပိန်အသင်းဟာ အုပ်စုတွင်းမှာ အီတလီ၊ အယ်ဘေးနီးယား၊ ခရိုအေးရှားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဂယ်ရီနဗီးက ‘ ကူကူရယ်လာ စပိန်အတွက် ကစားပေးရမယ် မထင်ပါဘူး။ သူက ချယ်ဆီးမှာလည်း နေရာရနေသူ မဟုတ်ဘဲ ရာသီကုန်မှ ပွဲနည်းနည်းလောက် ကစားခွင့်ရခဲ့ပါတယ်။
သူက ခပ်ကြမ်းကြမ်းကစားပြီး အားထုတ်တတ်တဲ့ အစွန်ခံစစ်သမားပါ။ အခုနေပြန်စဉ်းစားရင်တောင် သူ့အတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးက သိပ်များလွန်းတာကို လူတိုင်း ခံစားမိကြပါတယ်။
စပိန် ခံစစ်က အတော်လေး အတွေ့အကြုံရလာပေမယ့် ဒီပြိုင်ပွဲအတွက် သူတို့ခံစစ်က တစ်ခုခုတော့ မှားနေတယ် ခံစားမိနေဆဲပါ။ ကူကူရယ်လာကို ဘယ်ခြမ်းအတွက် ရွေးလာတာကပဲ အဲ့လို အမှားတွေထဲက တစ်ခုပါပဲ ’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ စပိန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ အုပ်စုတွင်း ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းက ပါဝင်လာတဲ့ ကူကူရယ်လာက ခြေစွမ်း မဆိုးခဲ့သလို စပိန်ကလည်း ၃-၀ ဖြင့် အနိုင်ရရှိ သွားခဲ့ပါတယ်။