အင်္ဂလန်ရဲ့ ဒိန်းမတ်နဲ့ သရေပွဲ အပြီးမှာ နည်းပြ ဆောက်ဂိတ်ရဲ့ အကွက်ဆန်း ထွင်မှုတွေကတော့ ပြောဆိုခံနေရပါပြီ

ညက ကစားသွားခဲ့တဲ့ ယူရို အုပ်စုပွဲမှာ အင်္ဂလန် ကတော့ ဒိန်းမတ်ကို အနိုင်မယူနိုင်ခဲ့ဘဲ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။

ထို ပွဲအပြီးမှာ ယူနိုက်တက် ကွင်းလယ်လူဟောင်းကြီး ရွိုင်ကိန်းကတော့ ဒီပြိုင်ပွဲမှာ အတတ်ကျူးထားတဲ့ နည်းပြဆောက်ဂိတ်ရဲ့ ပွဲထုတ်ပုံကို စတင် ဝေဖန်လာပါတယ်။

အင်္ဂလန်အသင်း ကွင်းလယ်မှာတော့ ကစားသမားဘဝ ကွင်းလယ်လူ စစ်စစ် တာဝန်ကို တစ်ကြိမ်မှ မယူဖူးတဲ့ ထရန့်ကို ကွင်းလယ်လူ အဖြစ် ထား ကစားနေတာပါ။ ထရန့်ဟာ ၂ ပွဲဆက်တိုက် ခပ်စောစောမှာပဲ လူစားလဲခံနေရပြီး အင်္ဂလန် ကွင်းလယ်ကို မ, တင်ပေးနိုင်ခြင်း မရှိပါဘူး။

ရွိုင်ကိန်းက ‘ ၂ ပွဲလုံးကို ခပ်စောစောမှာတင် လူစားလဲခံရတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ကလပ်မှာ ကွင်းလယ်က မကစားဖူးတဲ့ ထရန့်ကို ကွင်းလယ်မှာ နေရာပေးတာက အလောင်းအစား သိပ်ဆန်ပါတယ်။

လီဗာပူးမှာ သူ ကွင်းလယ်ကို ဝင်ကစားတာပဲလို့ လူတွေက ပြောကြလိမ့်မယ်။ ဒါပေမယ့် ကွင်းလယ်ထဲ ဝင်ကစားရတာနဲ့ ကွင်းလယ်ကနေ ပွဲထွက်ရတာက သိပ်ကွာပါတယ်။

ကျနော်က ကွင်းလယ်က ကစားခဲ့တဲ့သူ၊ အဲ့နေရာက သိပ်ခက်ခဲတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အားပြိုင်ရသလို ကိုယ့်ရဲ့ အနေအထားကို ရအောင်ယူရတာ.. ထရန့်က နှစ်ပွဲလုံးမှာ သိပ်မလုပ်နိုင်ပါဘူး။

ဒါက သူ့အပြစ်ချည်း မဟုတ်ပါဘူး။ ဂါရတ်ကလည်း အစွန်သမားကို ကွင်းလယ်ထဲ ပြောင်းကစားစေခဲ့တာပါ။ ဒါတောင် သူတို့က ပြင်သစ်နဲ့ စပိန်လို ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရတာ မဟုတ်သေးပါဘူး။ အင်္ဂလန်အသင်း အသာရနိုင်တဲ့ ၂ သင်းကိုပဲ ရင်ဆိုင်ရသေးတာပါ။

ထရန့်အတွက်တော့ စိန်ခေါ်မှုကြီးပဲ၊ သူက ကွင်းလယ်မှာ ကောင်းမွန်မနေပါဘူး။ သူက ဘောလုံးဘယ်လိုပေးရမလဲ မြင်နိုင်တာ ဟုတ်တယ်၊ ဒါပေမယ့် အခု သူ့ကို ဘေးမှာ ထား ကစားရတော့ ရိုက်စ်က ကလေးထိန်းနေရသလိုပဲ။ ဒီအဆင့်မှာ ဒီလိုတွေ ဖြစ်နေလို့ မရပါဘူး။’ လို့ မှတ်ချက်ပေးခဲ့တယ်။

လက်ရှိ ယူရိုမှာတော့ အင်္ဂလန် ကွင်းလယ် အတွဲ ဖြစ်တဲ့ ဘယ်လင်ဟမ်၊ ထရန့်၊ ဒီကလန်ရိုက်စ်တို့ဟာ တစ်ဦးမှ ခြေစွမ်းကောင်း မပြနိုင်သေးဘဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။