လီဗာပူးနဲ့ အင်္ဂလန် နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း အောင်မြင်ဖို့ဆိုရင် ထူးရှယ် ကစားသမားနှစ်ဦးကို ပွဲထွက် လူစာရင်းကနေ ဖယ်ထုတ်ပြီး ဟန်ချက်ညီတဲ့ အသင်းကို ဖော်ဆောင်ရမှ ရမယ်လို့ တိုက်တွန်းသွားပါတယ်။
ကာရေဂါက ‘ ကံမကောင်းစွာဘဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးဖြစ်တဲ့ ထရန့်နဲ့ ဖိုဒန်တို့ကို အခုချိန်မှာ စတေးရပါမယ်။ အသင်းရဲ့ တည်ဆောက်မှုအရ သူတို့ထံကနေ အကောင်းဆုံး မရနိုင်သလို၊ သူတို့အသင်းဖော်တွေလည်း အကောင်းဆုံး မလုပ်နိုင်ပါဘူး။
အဓိက ပြိုင်ပွဲကြီးမှာ ထရန့်ကို ကွင်းလယ်ပို့လိုက်တာက အရဲစွန့်လွန်းတဲ့ ကိစ္စပါ။ အဲ့တာက အလုပ်လည်း မဖြစ်ပါဘူး။ ကွင်းလယ်ဆိုတာက အစွန်နေရာထက် ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှု ပိုများတဲ့နေရာပါ။ ထရန့်က အစွန်နဲ့ ကွင်းလယ် တွဲကစားတဲ့ နေရာမှာဆို သူ့ရဲ့ ပေးချက်တွေအတွက် နေရာလွတ်နဲ့ အချိန်ပိုရပါတယ်။
တောင်ပံမှာ ဖိုဒန် ကစားတာ မြင်ရတာကို ကျနော်ထက် သဘောကျတဲ့သူ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အင်္ဂလန်အသင်းမှာ လူတိုင်း ကစားနိုင်ဖို့အတွက် ပွဲထွက် လူစာရင်းမှာ ဘယ်လင်ဟမ်၊ ကိန်းနဲ့ ဖိုဒန်တို့ကို အတူတွဲလိုက်လို့ မရပါဘူး။
ကိန်းက ဖယ်ထုတ်လို့မရနိုင်သေးတဲ့ ကစားသမားပါ၊ ကမ္ဘာ့အဆင့် တိုက်စစ်မှူးပါ။ အင်္ဂလန်မှာ သူ့ရဲ့ အကောင်းဆုံး လုပ်အားမြင်ရဖို့က တောင်ပံသမား ၂ ဦးနဲ့ တွဲပေးတာပါပဲ။ ၄-၃-၃ ပုံစံမှာ ကိန်းကို ဆာကာ၊ ဂေါ်ဒန်တို့နဲ့ ရံပေးတာ မြင်လိုပါတယ်။
၄-၃-၃ မှာ ဘယ်လင်ဟမ်ကို အတွင်းထဲ ဆင်းခိုင်းပြီး ရိုက်စ်ကို ကူခိုင်းရပါမယ်။ ကျန်တဲ့ ကွင်းလယ် ၁ နေရာမှာ ဖိုဒန်ကို ထားလို့ရပေမယ့် အဲ့တာက နည်းစနစ်ပိုင်းအရ လုံးလုံးလျာလျာ ပြောင်းလဲမှာ မဟုတ်ပါဘူး။
ဒါကြောင့် လက်ကျန် ၁ နေရာအတွက် ဂါလယ်ဂါ၊ ဝါတန် ဒါမှမဟုတ် မိုင်နူးတို့ထဲက အင်အားကို ယူရမှာပါ။ ဒါက အပျက်သဘော ဆောင်တဲ့ လှုပ်ရှားမှု မဟုတ်ဘဲ လုပ်ရတော့မယ့် အပြောင်းအလဲပဲ ဖြစ်ပါတယ်။ ’ လို့ ပြောဆို တိုက်တွန်းသွားခဲ့ပါတယ်။