ဆက်ခန့်မယ် ပြောပြီးကာမှ နှုတ်ဖွာလွန်းတဲ့ နည်းပြတန်ဟက်ကို ရက်ကလစ်ဖ်နဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ စိတ်ပျက်နေ

အဲရစ်တန်ဟက် ဟာ သူ့ကို မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေ ကိုယ်တိုင် အိုင်ဘစ်ဇာ ထိ လိုက်လာပြီး အသင်းမှာ ဆက်ခန့်မယ် အသိပေး ပြောကြားခဲ့တဲ့ ဖြစ်ရပ်စုံကို Dutch TV နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောခဲ့တာကြောင့် အသင်း တာဝန်ရှိသူတွေ ငြိုငြင်ခြင်း ခံနေရပါပြီ။

နယ်သာလန်သား နည်းပြ ဟာ ယူနိုက်တက် ဘက်က အချိန်ယူ သုံးသပ်ပြီးမှ သူ့ကို လာခေါ်တဲ့ အကြောင်း၊ သူဟာ အသင်းအတွက် အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း၊ သက်တမ်းတိုး စာချုပ်လည်း ချုပ်ဦးမှာ ဖြစ်ကြောင်းတွေ ဖော်ထုတ်ခဲ့တာပါ။

ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အဖွဲ့ကတော့ အသင်း အတွင်းရေးကိစ္စ အဖြစ် လူသိမခံချင်လှတဲ့ ကိစ္စတွေကို တန်ဟက်က အခုလို နှုတ်ဖွာဖွာ လူသိရှင်ကြား ထုတ်ပြောနေတာ အတွက် အတော် စိတ်ပျက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ တန်ဟက်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ အတွက် စီစဉ်နေဆဲသာ ဖြစ်ပြီး ကမ်းလှမ်းရခြင်း မရှိသေးပါဘူး။

စာချုပ်သစ်ဟာ ၂ နှစ် သက်တမ်းရှိဖွယ် ရှိပေမယ့် အခုထိ အချက်အလက်တွေကို နှစ်ဘက် သဘောတူညီမှု ရခြင်းလည်း မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ 2023/24 ဘောလုံးရာသီ ကုန်ချိန်မှာ အသင်း အခြေအနေကို သီတင်းပတ် အနည်းငယ် အချိန်ယူကာ သုံးသပ်ခဲ့သလို နည်းပြသစ် ခန့်ဖို့ ဆွေးနွေးမှု အချို့တွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။