စီးတီး စွဲဆိုခံထားရတဲ့ ၁၁၅ မှု အတွက် ခိုင်လုံတဲ့ သက်သေတွေ ရှိကြောင်း နာမည်ကြီး ဘောလုံး ဟက်ကာ ဖော်ထုတ်

နာမည်ကြီး ဘောလုံးသတင်း ဟက်ကာ ရူအီ ပင်တိုကတော့ မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေး ဆက်စပ် ၁၁၅ မှု အတွက် စီးတီး ကျူးလွန်ကြောင်း ခိုင်မာတဲ့ သက်သေတွေ ရှိကြောင်း ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။

ဒါဟာ ဟက်ကာ ပင်တို ရဲ့ မန်ချက်စတာ စီးတီးနဲ့ ပတ်သတ်ပြီး ဒုတိယအကြိမ် ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။

ပထမ တစ်ကြိမ်ကတော့ စီးတီးရဲ့ ကလပ် အီးမေးလ် စနစ်ထဲ ထိုးဖောက်ဟာ အသင်းရဲ့ ဘဏ္ဍာရေး စာအုပ်တွေကို ပင်တို ဖော်ထုတ်ခဲ့တာကြောင့် ယူအီးအက်ဖ်အေက မန်စီးတီးကို ၂၀၂၀ မှာ ချန်ပီယံလိဂ် ကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ် ချသည်ထိ သက်ရောက်သွားစေခဲ့ပါတယ်။

ဒါပေမယ့် စီးတီးက အားကစား ခုံရုံးထိ တက်ကာ ချန်ပီယံလိဂ် ဘန်းတဲ့ ပြစ်ဒဏ်ကို ချေဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကလည်း မန်စီးတီး အား ၁၁၅ ချက်တော့ ပြစ်မှုတွေနဲ့ တရားစွဲဆို ထားပြန်ပါတယ်။

အခုထိ ထိန်းသိမ်းခံထားရတဲ့ ဟက်ကာ ပင်တို ကတော့ သူ့ဆီမှာ မန်စီးတီး ကျူးလွန်ထားတဲ့ လုပ်ရပ်တွေ အတွက် ဖိုင်တွေ အများကြီး ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။

” မန်စီးတီးက ကလပ်မှာ များစွာသော ငွေပေးချေမှုတွေ လုပ်ထားတဲ့ စာရွက်စာတမ်းတွေ ရှိပေမယ့် ဘောလုံးအာဏာပိုင်တွေထံ တင်သွင်းမထားတာတွေ ရှိပါတယ်။ ဒီ စာရွက်စာတမ်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်က စီးတီးကို စွဲချက် တင်တဲ့ အဆင့်ထိ ရောက်လာတာပါ။ ” လို့ ပင်တို က ဆိုပါတယ်။

” အခု ကျွန်တော်က ပြင်သစ်နဲ့ ဂျာမန် တာဝန်ရှိသူတွေ ဆီကို hard drives ၅ ခု လက်လွှတ်ပေးအပ်လိုက်ပါပြီ။ အဲဒီထဲမှာ မန်စီးတီးနဲ့ ကျွန်တော်တို့ နှစ်ဘက် သိထားတဲ့ဟာတွေ အပြင် သန်းပေါင်းများစွာသော စာရွက် စာတမ်းတွေ ပါပါတယ်။ အဲဒီထဲမှာ သူတို့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့ သက်သေတွေ ပါတယ်။ ” လို့ ၎င်းက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ စီးတီးဟာ တရားစွဲခံထားရတဲ့ ပြစ်ချက်တွေ ကျူးလွန်ကြောင်း ထင်ရှားရင် ထိုကာလအတွင်းက ပရီးမီးယားလိဂ် ဖလားတွေ ပြန်လည် လက်လွှတ်ရကာ ချန်ပီယံရှစ်ထိ တန်းဆင်ရသည် အထိ ပြစ်ဒဏ် ပြင်းထန်လာနိုင်ပါတယ်။