ဆာကာ ဖြုတ်၊ ထရန့် နေရာပြောင်း၊ မိုင်နူး ထည့် .. စတဲ့ ပေါစခိုးလ် အကြံပေးလာတဲ့ အင်္ဂလန်အသင်း အတွက် ကစားကွက်

ယူရိုပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ အင်္ဂလန်အသင်း ပုံစံကောင်းတွေရဖို့ အပြောင်းအလဲ အများကြီးတွေ မလိုပေမယ့် လုပ်စရာရှိတာလေးတွေ ရှိနေတယ်လို့ ယူနိုက်တက် ကွင်းလယ်ဟောင်းကြီး ပေါလ်စခိုးက သုံးသပ် အကြံပြု လာပါတယ်။

ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ထရန့် အလက်ဇန်းဒါး အာနိုး ဟာ အစွန် နောက်ခံမှာ ကစားလေ့ရှိပေမယ့် အင်္ဂလန်မှာတော့ နေရာသစ်အဖြစ် ကွင်းလယ်ကို ဝင်ပြီး ဒီကလန်ရိုက်စ်၊ ဘယ်လင်ဟမ်တို့နဲ့ တွဲကစားနေတာပါ။

ဒီ ကွင်းလယ်အတွဲဟာ လုံးဝ တွဲဖက်မမိဘဲ ရိုက်စ်နဲ့ ဘယ်လင်ဟမ်တို့ရဲ့ ခြေစွမ်းကလည်း ဩချဖို့ကောင်းအောင် လိုအပ်ချက်တွေ ရှိနေတာပါ။ ထရန့်ကို ကွင်းလယ်ပို့တဲ့ ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကလည်း ဝေဖန်ခံရမှု များနေတာဖြစ်ပါတယ်။

ပေါစခိုးကတော့ ထရန့်ကို နောက်ထပ် နေရာသစ်အဖြစ် ဘယ်အစွန်ကို ပို့ပြီး သူ့နေရာမှာ မိုင်နူးကို နေရာပေးဖို့ တိုက်တွန်းလာတယ်။ ဒါ့အပြင် တိုက်စစ်မှာ ခြေစွမ်းမပြနိုင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဆာကာကို ဖယ်ထုတ်ပြီး ချယ်ဆီး စတား ပါလ်မာကို နေရာပေးဖို့လည်း ထောက်ပြသွားပါတယ်။

ပေါစခိုးကတော့ ‘ ထရန့်ကို ဘယ်အစွန်နေရာ ပို့လိုက်ပါ။ ကွင်းလယ်မှာ ထရန့်နေရာ မိုင်နူးကို သုံးပြီး ညာခြမ်းမှာတော့ ပါလ်မာကို နေရာပေးရပါမယ်။

အကြောင်းပြချက်တွေကတော့ အများကြီးရှိတာပေါ့ ဒါပေမယ့် ပြောလိုက်ရင် မထိခလုတ် ထိခလုတ် ပြောကြမယ့်ကောင်တွေက အများကြီး ‘ ဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။

အခြားသော သုံးသပ်သူတွေထဲက ကာရေဂါကတော့ ထရန့်နဲ့ ဖိုဒန်တို့ကို ထုတ်ပြီး ဂါလယ်ဂါနဲ့ ဂေါ်ဒန်ကို ထည့်ဖို့ တိုက်တွန်းထားသလို နဗီးကတော့ ရိုက်စ်ဟာ လက်ရှိ နေရာမှာ ခြေစွမ်းမပြနိုင်ဘူးလို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။