စကိုင်းစပေါ့ အစီအစဉ် တင်ဆက်သူဟောင်းကြီး ရစ်ချက်ကီးစ်ကတော့ သူ သာ ဆိုရင် အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကို အခုပဲ ရာထူးက ထုတ်ပယ်ပြီး ၁၆ သင်း အဆင့် အတွက် ပရီးမီးယားလိဂ် ဝါရင့် နည်းပြဟောင်းကြီး တစ်ဦးကို အစားထိုး ခန့်အပ်မယ် လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ Group C မှာ အုပ်စု ဗိုလ် အဖြစ် နောက်တစ်ဆင့် တက်သွားခဲ့ပေမယ့် အုပ်စု နောက်ဆုံးပွဲမှာ ဆလိုဗီးနီးယားကို မနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့တာပါ။ အုပ်စု ၃ ပွဲ ကစားခဲ့ရာမှာလည်း နိုင်ပွဲ တစ်ပွဲသာ ရခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဆောက်ဂိတ် က အင်္ဂလန် အသင်း ပရိသတ်တွေရဲ့ boo လုပ်၊ ရှုံ့ချခြင်းကိုလည်း ပွဲထဲမှာ ခံယူနေခဲ့ရပြီ ဖြစ်ပါတယ်။
အင်္ဂလန် အသင်း အကြောင်း beIN Sport အစီအစဉ်မှာ ဆွေးနွေးကြရင်း ခင်ဗျားသာ ဆိုရင် ဆောက်ဂိတ်ကို ထုတ်ပယ်လိုက်မှာလား လို့ မေးခွန်း ထုတ်ခံခဲ့ရရာ ရစ်ချက်ကီးစ်က မဆိုင်းမတွ အခုလို တုန့်ပြန် ဖြေကြားလာပါတယ်။
” ကျွန်တော်တော့ အတော် စိတ်ဓာတ်ကျမိပါတယ်။ ဒီညဆိုလည်း အတော် စိတ်ပျက်စရာပဲ။ ကျွန်တော်သာ ဆုံးဖြတ်ချက် ချနိုင်တဲ့သူ ဖြစ်နေမယ် ဆိုရင် ဟုတ်ပါတယ်၊ ကျွန်တော် ဆောက်ဂိတ်ကို ထုတ်ပယ်မိမှာပါ။ အခု ပုံစံနဲ့ အင်္ဂလန် ဘာအောင်မြင်မှုမှ မရနိုင်ပါဘူး။
ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မပြောနဲ့၊ နောက်ပွဲတောင် နိုင်ဖို့ မသေချာပါဘူး။ အခုကျ ဟယ်ရီ ရက်နပ် ဒူဘိုင်းမှာ လို့ ကြားတယ်။ သူ့ကိုသာ ခေါ်လိုက်ကြပါ။ ယာဂင်ကလော့ပ်က (အင်္ဂလန် နည်းပြ) လုပ်မှာ မဟုတ်ပေမယ့် ဟယ်ရီကတော့ စဉ်းစားလောက်တယ်ဗျ။ ” လို့ ရစ်ချက်ကီးစ်က ပြောဆိုခဲ့ပါတယ်။