ယူနိုက်တက်ရဲ့ ဂျင်းကောင်က ယူရိုပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်နေပြီ ဆိုတဲ့ ထောက်ပြမှု

မန်ချက်စတာ ယူနိုက်တက်မှာ မအောင်မြင်ခဲ့တဲ့ ကွင်းလယ် ကစားသမား မာဆယ် ဆာဘစ်ဇာ က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အခုချိန်ထိတော့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ဂျာမနီ ကစားသမားဟောင်းကြီး လိုသာ မတ်သက်စ်က ပြောဆိုလိုက်ပါတယ်။

ဆာဘစ်ဇာဟာ သူ့ရဲ့ နိုင်ငံအသင်း သြစတြီးယားက Group D မှာ ပြင်သစ်၊ နယ်သာလန် တို့လို နာမည်ကြီး အသင်းကြီးတွေကို ကျော်ပြီး အုပ်စု ဗိုလ် အဖြစ်နဲ့ ရှုံးထွက် အဆင့်သို့ တက်သွားခဲ့တာပါ။ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ၎င်းတို့က တူရကီနဲ့ တွေ့နေပါတယ်။

ဆာဘစ်ဇာ ဟာ ဒေါ့မွန်ကနေ ယူနိုက်တက်ထံ ၂၀၂၃ မှာ အငှား လာရောက် ကစားခဲ့တာ ဖြစ်ပြီး အငှားကုန်ဆုံးချိန်မှာ ယူနိုက်တက်က ဆာဘစ်ဇာ ကို အပြီး ဝယ်ဖို့ ငြင်းပယ်ခဲ့တာပါ။

ဂျာမနီအသင်းနဲ့ အတူ ယူရိုရော ကမ္ဘာ့ဖလားမှာပါ ဗိုလ်စွဲဖူးတဲ့ ဝါရင့် ကစားသမားဟောင်းကြီး လိုသာ မတ်သက်စ် ကတော့ ဆာဘစ်ဇာ ရဲ့ ခြေစွမ်းက လက်ရှိ ယူရို ပြိုင်ပွဲမှာ အကောင်းဆုံး ပဲ လို့ ချီးကျူးခဲ့ပါတယ်။

” ဒီပြိုင်ပွဲမှာ ကျွန်တော့် အတွက် အကောင်းဆုံး ကစားသမားက အခုချိန်ထိဆို မာဆယ် ဆာဘစ်ဇာပဲ။ သူ့ကို သြစတြီးယားရဲ့ ဟော်လန် ကို ၃-၂ နဲ့ နိုင်တဲ့ပွဲမှာ ကျွန်တော် live ကြည့်ခဲ့ရတယ်။

သူ့ရဲ့ မြန်နှုန်း၊ ပေါ့ပါးမှု၊ ကြံခိုင်မှု၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်တာ၊ နောက်တန်းမှာ လုပ်ပေးတာ၊ တိုက်စစ်ကို လိုက်ပါနှုန်း .. ဒါမျိုးတွေ သူ ဒေါ့မွန်မှာ ကစားတုန်းက တွေ့ရခဲပါတယ်။ အခုတော့ သူက အထင်ကြီးလောက်ဖွယ် အစွမ်းပြနေတယ်။

သူတို့က အုပ်စုတွင်းမှာ ပြင်သစ်နဲ့ နယ်သာလန်ကိုတောင် ကျော်ပြီး ရှေ့ရောက်ခဲ့တယ်။ ပြင်သစ်ကို ၁-ဝ နဲ့ ရှုံးတဲ့ပွဲမှာလည်း အခြေအနေ အဆိုးကြီး မဟုတ်ဘူး။ သူတို့က ဘောလုံးနဲ့ အတူရော၊ ဘောလုံးမပါဘဲရော မြန်နှုန်းနဲ့ ကစားတာ။ ဒါက နည်းပြ ရန်းနစ်ရဲ့ စတိုင်ပဲ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၃ဝ အရွယ် ရှိပြီ ဖြစ်တဲ့ သြစတြီးယား ကွင်းလယ်သမား ဆာဘစ်ဇာ ဟာ ပြီးခဲ့တဲ့ ရက် နယ်သာလန်ကို နိုင်တဲ့ ပွဲမှာ Player of the Match ဆုပါ ရခဲ့ပါတယ်။