ဖာဒီနန် တို့ အဆင်းဘီးတပ်ပေးနေသလို သူ လိုက် မကစားချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဆာကာ

အင်္ဂလန် နဲ့ အာဆင်နယ် တိုက်စစ်သမား ဘူကာယို ဆာကာက လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင် အသင်းမှာ သူကစားနေတဲ့ ညာတောင်ပံမှာပဲ ဆက်ကစားလိုပြီး ခံစစ်ဆင်း မကစားလိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆာကာက လက်ရှိ ယူရိုမှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် ဝေဖန်ခံရမှုတွေ ရှိနေပြီး ဆာကာနေရာမှာ ပါလ်မာကို ထည့်ဖို့နဲ့ အာဆင်နယ်တိုက်စစ်သမားကို ဘယ်အစွန်ခံစစ်နေရာ ပြောင်းထားဖို့ တိုက်တွန်းမှုတွေ ရှိနေတာပါ။

အထူးသဖြင့် ပေါ်ပေါ်ထင်ထင် တိုက်တွန်းသူကတော့ သရဲနီဟောင်း ဖာဒီနန်ဖြစ်ကာ ဆာကာကို ဘယ်အစွန်နေရာထားပြီး ဘောလုံးပိုင်ဆိုင်ချိန်တွေမှာ ဘယ်တောင်ပံသမားဖြင့် ရှေ့ဆက်စေတဲ့ အစွန်-တောင်ပံသမားအဖြစ် နေရာပေးဖို့ ထောက်ပြလာခဲ့ပါတယ်။

ဒါပေမယ့် ဆာကာ ကတော့ ဖာဒီနန်တို့ အကြံပြုနေသလို မကစားချင်ကြောင်း သူ့ သဘောထား ဖော်ထုတ်လာပါတယ်။

“ ကျနော့်ကို ကိုယ်အားသန်တာ မဟုတ်တဲ့ နေရာကို တွန်းပို့သင့်တယ်လို့ မထင်ပါဘူး ” ဆိုပြီး ဆာကာက ဘောလုံးဝေဖန်ရေးသမားတွေ သူ့ကို ဘယ်အစွန်မှာ ကစားစေချင်မှုကို တုန့်ပြန်လာပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ စကားပြောတာတွေ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ရွေးချယ်စရာကတော့ ဂါရတ် ဆောက်ဂိတ်ပဲ လုပ်ရမှာပါ။ ဂါရတ်က ဘာပဲ ရွေးချယ်ပါစေ ကျနော်တို့ ယုံကြည်ပေးရမှာပါ ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။