လီဗာပူး နည်းပြသစ် အာနယ် ဆလော့ဟာ ယခင် နည်းပြ ယာဂင် ကလော့ပ်ရဲ့ နေရာကို အောင်အောင်မြင်မြင် ဆက်ခံနိုင်မှာ မဟုတ်ဘူးလို့ ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဒွိုက်ယော့ခ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။
ဒီတလော နှစ်တွေအတွင်း ပရီးမီးယားလိဂ်ကို နယ်သာလန်သား နည်းပြ အများအပြား ရောက်လာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကလည်း အောင်မြင်နေသူ မဟုတ်သလို အာနယ် ဆလော့ကလည်း တန်ဟက်လိုပဲ ကျရှုံးလိမ့်မယ်လို့ ဒွိုက်ယော့ခ် က ဆိုလာခဲ့တာပါ။
” နယ်သာလန်လိဂ် အပြင်ဘက်က အောင်မြင်နေတဲ့ နယ်သာလန်သား နည်းပြ တစ်ယောက်ယောက်ကို မင်းတို့ ယုံယုံကြည်ကြည် ပြောနိုင်ရင် ပြောကြည့်ကြလေ။
အာနယ် ဆလော့ကလည်း အထင်ကြီးစရာတွေ လုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ သူလည်း တန်ဟက် လမ်းစဉ်အတိုင်း သွားမှာပါပဲ ” လို့ ဒွိုက်ယော့ခ်က မှတ်ချက် စကား ဆိုလိုက်တာပါ။
ဒီနှစ်တွေအတွင်း နယ်သာလန် နည်းပြတွေဟာ ဥရောပကလပ်တွေမှာ အထင်ကြီးစရာတွေ လုပ်ပြဖို့ ခက်ခဲခဲ့သလို ဗန်ဟားလ်၊ ကိုးမန်းတို့ကလည်း ပရီးမီးယားလိဂ်မှာတော့ ကျရှုံးခဲ့ကြတာ ဖြစ်ပါတယ်။
” ဆလော့က တခြား နယ်သာလန် နည်းပြတွေနဲ့မတူ အင်္ဂလန်ဘောလုံးလောကမှာ အသားကျမယ်လို့ သက်သေပြစရာ ဘာတစ်ခုမှ မရှိပါဘူး။ နယ်သာလန် ထိပ်တန်းကလပ်က မန်နေဂျာတွေကလည်း အင်္ဂလန် ထိပ်တန်းကလပ်တွေမှာ မအောင်မြင်နိုင်ပါဘူး ” လို့ ဒွိုက်ယော့ခ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။