အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အီတလီကို ကျော်ဖြတ်တက်လာတဲ့ ဆွစ်ဇာလန်အသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်တယ်။
အင်္ဂလန် vs ဆွစ်ဇာလန်အတွဲက အနိုင်ရတဲ့အသင်းဟာ တဖက်က နယ်သာလန် vs တူရကီအတွဲမှာ အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရပါမယ်။
ယူရိုပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ် ဖြစ်တဲ့ ဆလိုဗက်ကီးယားနဲ့ ပွဲမှာ ပြောစရာတွေ ဖြစ်ခဲ့တဲ့ အင်္ဂလန်ကစားသမား ဘယ်လင်ဟမ်နဲ့ ရိုက်စ်တို့ဟာစည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း ခံရဖို့ မရှိပါဘူး၊ ဒါကြောင့် ဆွစ်ဇာလန်နဲ့ ကွာတားပွဲမှာ ပါဝင်လာကြမှာပါ။
ဆလိုဗက်ကီးယားနဲ့ ပွဲမှာ ဘယ်လင်ဟမ်က ခြေပဂိုးသွင်း အပြီး ပေါင်ခြံနားကို လက်နဲ့ ကိုင်ပြခဲ့တဲ့ အပြုအမူမျိုး လုပ်ကာ အောင်ပွဲခံခဲ့သလို ဒီကလန် ရိုက်စ်က ပြိုင်ဘက်နည်းပြနဲ့ စကားများခဲ့တာပါ။ ယူရိုတာဝန်ရှိသူတွေကတော့ အဆိုပါ အပြုအမူတွေအတွက် အရေးယူခြင်း မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
စလိုဗက်ကီးယားပွဲမှာ ပြိုင်ပွဲအတွင်း ဒုတိယ အဝါကတ် ရခဲ့တဲ့ ခံစစ်မှူး ဂူဟီကတော့ ဒီအပတ် ဆွစ်ဇာလန်နဲ့ပွဲကို လွဲချော်သွားမှာဖြစ်ပါတယ်။
နောက်ထပ် အင်္ဂလန်ကစားသမား ၅ ဦးက ဆွစ်ဇလန်နဲ့ ကွာတားဖိုင်နယ် ပွဲမှာ အဝါကတ် ပြသခံရမယ်ဆိုရင် ဆီမီးဖိုင်နယ်ပွဲကို လွဲချော်သွားဖို့ ရှိနေပါတယ်။
ထို ၅ ဦးကတော့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်၊ မန်စီးတီးမှ ဖိုဒန်၊ ယူနိုက်တက်မှ မိုင်နူး၊ နယူးကာဆယ်မှ ထရစ်ပီယာ၊ ချယ်ဆီးမှ ကလယ်ဟာတို့ ဖြစ်ပြီး ၎င်းတို့ဟာ ပြိုင်ပွဲမှာ အဝါကတ် တစ်ကြိမ်စီ ပြသခံထားရတာပါ။
ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ကွာတားဖိုင်နယ်အပြီးမှာ အဝါကတ်တွေကို ထည့်တွက်တော့မှာ မဟုတ်တာကြောင့် ကစားသမားတွေ ဆီမီးဖိုင်နယ်မှာ အဝါကတ် ထပ် ရလည်း ဖိုင်နယ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။