ဒီည ဆွစ်ဇာလန်ကို ခံစားသွားရအောင် လုပ်နိုင်တဲ့ အင်္ဂလန်သား ၃ ဦး ရှိကြောင်း မီကာရစ်ချက် ဖော်ထုတ်

ဒီညမှာတော့ အင်္ဂလန်အသင်းနဲ့ ဆွစ်ဇာလန် အသင်းတို့ဟာ ယူရို ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ထိပ်တိုက် ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

စီးတီးနဲ့ အင်္ဂလန်ကစားသမားဟောင်းကြီး မီကာ ရစ်ချက်ကတော့ အင်္ဂလန်အသင်းမှာ ပြိုင်ဘက် ဆွစ်အသင်းကို ဒုက္ခတွေ ပေးနိုင်တဲ့ ကစားသမား ၃ ဦး ရှိကြောင်း သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

မီကာရစ်ချက်က ” ကျွန်တော် နည်းဗျူဟာပိုင်း ရှုထောင့်ကနေ ဒီပွဲကို လေ့လာကြည့်မိပါတယ်။ ကျွန်တော် ဆွစ်ဇာလန် ပွဲတွေကို ကြည့်ထားတယ်။ သူတို့ကို ထိခိုက်အောင် လုပ်နိုင်တဲ့ ဧရိယာတွေ ရှိနေတာ တွေ့တယ်။

ကျွန်တော်သာ အခု အင်္ဂလန် အသင်းကနေ ဆိုရင် Schar ကို ပစ်မှတ်ထားမယ်။ သူက ကစားသမားကောင်း တစ်ယောက်ပါ၊ ဒါပေမယ့် ကွင်းထဲမှာ တောင်ပံဧရိယာတွေဆီ သူက မထွက်ချင်ဘူး။ ရီကာဒို ရိုဒရီဂွက်ဇ် လည်း အဲဒီလိုပဲ။

ကျွန်တော်သာ ဆောက်ဂိတ် ဆိုရင် ဒီလို တွေးမိမယ်။ တောင်ပံသမားတွေ ထုတ်သုံးမယ်။ ညာခြမ်းမှာ ဆာကာ ဒါမှမဟုတ် ကိုးလ် ပယ်လ်မာ၊ နောက်ပြီး အန်သိုနီ ဂေါ်ဒန် ကိုလည်း ပွဲထုတ်ရမယ်။ သူတို့ press ကို တန်ပြန်ပြီး ကစားကွက် ပြောင်းရင် ဒီ သုံးယောက်က သေချာ လုပ်နိုင်တယ်။ ” လို့ သုံးသပ် ထောက်ပြသွားပါတယ်။

ပယ်လ်မာနဲ့ ဂေါ်ဒန်တို့ဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာ ပွဲထွက်ကနေ မပါဝင်ရသေးဘဲ လူစားဝင် ကစားရတာသာ ရှိပါသေးတယ်။ ဆာကာ ကတော့ ကစားပြီးတဲ့ ၄ ပွဲ လုံးမှာ ပါဝင်ထားတာပါ။ ဒီညပွဲမှာလည်း ပယ်လ်မာနဲ့ ဂေါ်ဒန်တို့ အရန်ခုံ ကနေသာ ဆက်လက် ပါဝင်လာရဖွယ် ရှိပါတယ်။