အာဆင်နယ် နည်းပြ အာတီတာက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သူ့အသင်း အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုက်စ်နဲ့ ဆာကာတို့ ခက်ခဲတဲ့ အချိန်ကို ရင်ဆိုင်နေရတယ်လို့ ဝန်ခံစကား ပြောဆိုပါတယ်။
ဂန်းနားကစားသမား နှစ်ဦးဟာ ယူရို ပွဲစဉ် ၄ ပွဲလုံးမှာ အဓိက ကစားသမားတွေအဖြစ် ပွဲထွက်လာခဲ့ပေမယ့် ထူးချွန်ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိပါဘူး။ သူတို့တွေဟာ ဘယ်လင်ဟမ်၊ ဖိုဒန်တို့နည်းတူ အင်္ဂလန်အသင်း ကစားပုံ မကောင်းခြင်းမှာ ပါဝင် ဝေဖန်နေရပါတယ်။
အာတီတာကတော့ အင်္ဂလန်အသင်း ကွာတားဖိုင်နယ် တက်လာခြင်းကို အကောင်းမြင်နေပြီး ဒီအဆင့်တွေ ရောက်လာခြင်းကြောင့် ရိုက်စ်နဲ့ ဆာကာတို့ ခြေစွမ်း အလှည့်အပြောင်းတွေ ပြသလာနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
” ကျနော့်သားက ဘယ်လင်ဟမ် ပရိသတ်ဆိုတော့ အင်္ဂလန်ပွဲ ကြည့်ဖြစ်ပါတယ်။ သူက နေရာတိုင်းမှာ ပြေးလွှားကစားနေတာပါပဲ။
ရိုက်စ်နဲ့ ဆာကာတို့အတွက်လည်း ဒီအဆင့်ထိ တက်လာတာကို ပျော်ရွှင်မိပါတယ်။ သူတို့ ယူရိုမှာ ခက်ခဲတဲ့ သီတင်းပတ်တွေကို ရင်ဆိုင်ထားရတာပါ။ ရိုက်စ်နဲ့ ဆာကာတို့က ကောင်းမွန်တဲ့ စရိုက်တွေ၊ မာကျောမှုတွေကို ယူရိုမှာ ပြသထားပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ အလှည့်အပြောင်း တစ်ခုခု လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့တာပါ။
အင်္ဂလန်ဟာ ဒီနေ့ညမှာ ဆွစ်ဇာလန် အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။