နယ်သာလန်သား နည်းပြတွေ ခန့်ထားတာချင်း တူတဲ့ ယူနိုက်တက်နဲ့ လီဗာပူးတို့ထဲ ဘယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ အရင် ဖြစ်နိုင်မလဲ သုံးသပ်လိုက်သူ

ပရီးမီးယားလိဂ်မှာ နယ်သာလန်သား နည်းပြတွေကို ခန့်အပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ထဲ ဘယ်အသင်းက အရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်မလဲ ဆိုတာ နယ်သာလန် ကစားသမားဟောင်းကြီး ရှနိုက်ဒါက သုံးသပ်မှု ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်မှာ ဆိုရင် နယ်သာလန်သား တိုက်စစ်မှုးဟောင်းကြီး နစ္စတယ်ရွိုင်း ပါ နည်းပြ အဖွဲ့ထဲ ပါဝင်လပြီ ဖြစ်ပါတယ်။

နယ်သာလန်သားတွေကို နည်းပြကောင်းတွေအဖြစ် ချီးကျူးခဲ့တဲ့ ဒတ်ချ် ကစားသမားဟောင်း ရှနိုက်ဒါက အသင်းတည်ဆောက်ဖို့ရာ အချိန်ပေးရမှာဖြစ်ပေမယ့် ကလပ်တွေက ဆုဖလား စိန်ခေါ်နိုင်စွမ်း ရှိလာမယ်လို့ မြင်ပါတယ်။

ရှနိုက်ဒါက ” အာနယ် ဆလော့နဲ့ အဲရစ် တန်ဟက်တို့ နှစ်ဦးလုံးက နည်းပြကောင်းတွေပါ။ ဆလော့က ဖီယင်နုမှာ အကောင်းဆုံး လုပ်ပြခဲ့သလို ယူနိုက်တက်ကလည်း တန်ဟက်နဲပအတူ အတော်လေး ယုံကြည်မှုရှိလာနေတယ်။

တန်ဟက်က ယူနိုက်တက်နဲ့ သက်တမ်းတိုးလိုက်သလို နစ္စတယ်ရွိုင်းလည်း ရောက်လာဦးမယ်။ နစ္စတယ်ရွိုင်း ပါဝင် ပူးပေါင်းမှာက မန်ချက်စတာကလပ်အတွက် သတင်းကောင်းပါပဲ။ ကြီးကျယ်တဲ့ ကစားသမားတွေနဲ့အတူ သူတို့ အလုပ်ကြီး လုပ်ရတော့မှာပါ၊ အချိန်တော့ လိုတာပေါ့လေ။

ကလပ်တွေက အသင်းတွေတည်ဆောက်ဖို့ အချိန်တော့ ပေးရမှာပဲ။ ဒီရာသီမှာ ဆုဖလားတွေရကြမယ်ထင်တယ်။ လီဗာပူးနဲ့ ယူနိုက်တက်မှာ ဘယ်အသင်းက ပရီးမီးယားလိဂ်ဖလား ရနိုင်လဲဆိုရင်တော့ ယူနိုက်တက်ပါပဲ ” လို့ ဖြေဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ် နေရာမှာ အာနယ် ဆလော့ဖြင့် ရေရှည် အစားထိုးမှာဖြစ်ကာ ဂျာမာန်သားကြီးတုန်းကလို ဆုဖလားတွေ ဆက်တိုက် စိန်ခေါ်ပြဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။