လာမယ့် ယူရို ဖိုင်နယ် ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ ပြိုင်ဘက် စပိန်အသင်းဘက်မှာ ယာမယ်နဲ့ နီကိုး ဝီလီယမ်တို့လို ကြယ်ပွင့် တိုက်စစ်သမားတွေထက် ဂရုစိုက်ရမယ့် ပြိုင်ဘက် အသင်းသားတွေ ရှိနေတယ်လို့ သရဲနီနဲ့ အင်္ဂလန် နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးက သတိပေးလာပါတယ်။
နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ လိမ်ဖယ်လိမ်ဖယ်နဲ့ ဖိုင်နယ်ကို တက်ရောက်လာခြင်းဖြစ်ပေမယ့် စပိန်အသင်းကတော့ ချန်ပီယံခြေစွမ်းတွေနဲ့ ဗိုလ်လုပွဲကို ကြိုရောက်ထားတာပါ။
နှစ်သင်းလုံးမှာ ထိပ်တန်း ကစားသမားတွေ ရှိထားကြကာ စပိန်ရဲ့ ကြောရိုးကတော့ ရိုဒရီတို့ပါလို့ အင်္ဂလန်ခံစစ်မှူးဟောင်းက သတိပေးလာခဲ့ပါတယ်။
” ရိုဒရီနဲ့ ဖေဘီရန် ရုဇ်တို့ကို ကွင်းလယ်မှာ ကစားခွင့်ပေးလိုက်ရင် သူတို့ရဲ့ အစွန်သမားတွေ အများကြီး အားထုတ်နိုင်ခွင့်ရသွားပါလိမ့်မယ်။ ဒီတော့ ကွင်းလယ်လူနှစ်ဦးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ အရေးအကြီးဆုံးက သူတို့ နှစ်ဦးနဲ့ ရင်ဆိုင်ရမယ့် သူတွေပါပဲ။
ရိုဒရီနဲ့ ရုဇ်တို့ထံကနေ ယာမယ်နဲ့ နီကိုးတို့လို တောင်ပံသမားတွေကို ဘောလုံးထွက်နိုင်ရင် တနင်္ဂနွေနေ့မှာ အင်္ဂလန် အစွန်သမားတွေက ပြဿနာကြီးတွေ တက်သွားပါလိမ့်မယ်။ သူတို့ နှစ်ဦးကို ရင်ဆိုင် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ” လို့ နဗီးက သတိပေးခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်မှာ ရိုက်စ်၊ မိုင်နူး၊ ဘယ်လင်ဟမ်၊ ဖိုဒန်တို့ ကစားနေပြီး အရည်အချင်းပိုင်းမှာ စပိန်ထက်တော့ မနိမ့်ပါးလှတာ ဖြစ်ပါတယ်။